Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း အုန်းခြံထဲ ဖွင့်လှစ်ထားသည့် မြန်မာစာသင်ကျောင်း စစ်ဆေးအရေးယူခံရ 
DVB
·
October 7, 2024

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ရှိ အုန်းခြံတခြံထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားမဝင်  မြန်မာစာသင်ကျောင်း ၁ ကျောင်း ထပ်မံစစ်ဆေး အရေးယူခံရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ချွန်းဖွန်းခရိုင် နားဆဒ်အုပ်စု ယန်ငမ်းရပ်ကွက်ထဲမှာ တရားမဝင်စာသင်ကျောင်း ဖွင့်ထားတယ်လို့ သတင်းပေးပို့ချက်ရတဲ့အတွက် မြို့နယ်အဆင့် အမျိုးသားလုံခြုံရေးကောင်စီ၊  အုပ်ချုပ်ရေးရုံး၊ ပညာရေးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတဲ့ အဖွဲ့ဟာ အောက်တိုဘာ ၃ ရက်နေ့က  သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါနေရာမှာ အမှတ် ၄၁ အာရှလမ်းမကြီးနဲ့ ၅ ကီလိုမီတာခန့်ဝေးတဲ့ အုန်းခြံတခြံထဲက တထပ်အဆောက်အဦဖြစ်ပြီး ကလေးအယောက် ၅၀ ကျော်နဲ့ ဆရာမက စာသင်နေတာကို တွေ့ရတယ်၊၊ ဆရာမက ဒေါ်တင်ဌေး အသက် ၃၇ နှစ် ဖြစ်ပြီး ကလေးတွေကတော့  မူလတန်းရွယ် မြန်မာရွှေ့ပြောင်းလုပ်သားကလေးတွေလို့ ဆိုပါတယ်။ 

မိဘတွေက အလုပ်သွားရင် ကလေးတွေကို အဲဒီမှာထားခဲ့တယ်၊ ညနေ အလုပ်ကအပြန် ဝင်ကြိုတယ်၊ ခြံပိုင်ရှင်မှာ နန်းအာရိယ ဆိုသူ ထိုင်းအမျိုးသမီးဖြစ်ကာ ရွှေ့ပြောင်းလုပ်သားတို့ရဲ့ အလုပ်ရှင်ဖြစ်ပြီး အဲဒီစာသင်ခန်းကိုတော့ တလ ဘတ် ၄၀၀၀ နဲ့ ငှားထားတာလို့ ဆိုပါတယ်။ 

ဆရာမကတော့ ကလေးတွေဆီကနေ  ကျောင်းလခ ဘတ် ၅၀၀ ကနေ ၇၀၀ ထိ ကောက်ခံတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက ကျောက်သင်ပုန်း အပါအဝင် သင်ကြားရေးကိရိယာတွေ သိမ်းလိုက်ပြီး ကျောင်းဆရာမကို ခွင့်ပြုချက်မရတဲ့ အလုပ်ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူသွားမယ်၊ ခြံပိုင်ရှင်ကိုလည်း မိမိပိုင်နက်တွင်း တရားမဝင် သင်ကြားရေးဌာန ဖွင့်ခွင့်ပြုမှုနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေကပြောကြောင်း သတင်းမှာဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့လကလည်း စူရတ်ဌာနီခရိုင်ထဲမှာ တရားဥပဒေနဲ့မညီညွတ်တဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်း ၆ ကျောင်း ပိတ်သိမ်းခံရပြီး အခုလို ဖမ်းဆီးမှုတွေဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအစိုးရကို ဝေဖန်နေကြပါတယ်။ 

Source:  MGR Online

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013