Home
နိုင်ငံတကာ
ချင်းမိုင်တွင် ရေပြန်ကျပြီး အကြီးစားသန့်ရှင်းရေး စတင်
DVB
·
October 7, 2024
Photo - CMFORCE

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြောက်ပိုင်းတခွင်မှာ ရေကြီးမှုကြီး ဖြစ်ပွားခဲ့အပြီး ရေပြန်ကျလာပြီ ဖြစ်တဲ့အတွက် အောက်တိုဘာ ၇ ရက်မှာ မြူနီစီပယ်က အကြီးစားသန့်ရှင်းရေတွေ လုပ်ဆောင်နေပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

အလုပ်သမားတွေဟာ ထရပ်ကားတွေ၊ ရေကားတွေ အကူအညီနဲ့ ပင်းမြစ်ကိုဖြတ်တဲ့ တံတား ၃ စင်းတဝိုက်မှာ နုန်းမြေ အနည်အနှစ်တွေကို ရှင်းလင်းနေကြပါတယ်။

တခြားအဖွဲ့သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေကတော့ ရေလွှမ်းမိုးမှုကြောင့် သွားလာရ မလွယ်ကူသေးတဲ့ အိမ်တွေကို ရေနဲ့ အစားအသောက်တွေ ပံ့ပိုးနေကြပါတယ်။

ကမ္ဘာလှည့်ခရီးသွား အလာများတဲ့ ချန်ကလန်နဲ့ ချရောင်ပရာသတ် အပါအဝင် အဓိက လမ်းမကြီး ၇ ခုရဲ့ တချို့လမ်းပိုင်းတွေကို ပိတ်ထားရဆဲဖြစ်တယ်လို့ ချင်းမိုင် မြူနီစီပယ်က ထုတ်ပြန်ပါတယ်။

ပင်းမြစ်ရေဟာ ဆက်ကျနေပြီး ၇ ရက်နေ့ မနက် ၁၀ နာရီမှာ နဝရတ် တိုင်းတာရေးစခန်းမှာ ၃ ဒသမ ၈၅ မီတာသာ ရှိတော့ပါတယ်။

ပင်းမြစ်ရေဟာ သမိုင်းတလျှောက် အမြင့်ဆုံးအဖြစ် စနေနေ့ညက ၅ ဒသမ ၃ မီတာအထိ တက်ခဲ့တာဖြစ်ပါတယ်။

ပင်းမြစ်ရေဟာ တနာရီကို ၄ ကနေ ၅ စင်တီမီတာအထိ ကျလာပြီး မကြာမီမှာ စိုးရိမ်ရေမှတ်အောက် ရောက်တော့မယ်လို့ မှန်းထားပါတယ်။ ရင်းနဲ့ တန်းမြစ်ရေလည်း ကျဆင်းသွားပြီဖြစ်တယ်လို့ဆိုပါတယ်။

ဒီမြစ် ၂ စင်းဟာ ပင်းမြစ်ရဲ့ မြစ်လက်တက်တွေဖြစ်ပြီး ချင်းမိုင်မြောက်ပိုင်းကို ရေပေးဝေနေတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013