Home
မြန်မာသတင်း
ကလေးမြို့နယ်က စစ်ဘေးရှောင် ၃၀,၀၀၀ ကျော် အကူအညီ လိုအပ်နေ
DVB
·
October 24, 2024

တိုက်ပွဲတွေနဲ့ စစ်‌ကောင်စီတပ်ရဲ့‌ နေအိမ်မီးရှို့မှုကြောင့် နီးစပ်ရာ စစ်ဘေး‌ရှောင်စခန်းတွေမှာ တိမ်း‌ရှောင်နေကြရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင် ၃၀၀၀၀ ကျော်ဟာ ကူညီထောက်ပံ့မှုတွေ လျော့နည်းလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲရှိနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးစရှို့ခဲ့တဲ့အချိန်ကလောက် မကျပ်တည်းတော့ပေမဲ့ အခုအချိန်မှာ ကူညီထောက်ပံ့မှုတွေ မရှိတော့တဲ့အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ နတ်ချောင်းရွာက စစ်ဘေးရှောင် ဦးအေးမောင်က ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်အများစုဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခု နှစ်ကုန်ပိုင်းကစပြီး နေအိမ်တွေကနေ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ကျေးရွာတွင်းကနေ ခဏတာစစ်ရှောင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က နေအိမ်ကို မီးရှို့လိုက်တာကြောင့် အိမ်ပြန်လို့ မရတော့ဘဲ စစ်ရှောင်စခန်းမှာ နေထိုင်ရတဲ့အတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေးပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ နန်းချောင်းရွာက‌ စစ်ဘေးရှောင် ဦးခွန်ပြန်းက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်လာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါသည်တွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့လူတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူ နေအိမ် ၁၀၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး စစ်ဘေးရှောင်တွေလည်း ဆက်ပြီးတိုးလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၇ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းနီးပါး ရှိနေပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013