အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဧရိယာ ကျယ်ပြန့်လာနေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ဒေသခံအများစုဟာ ဧရာဝတီတိုင်းနဲ့ ပြည်မဘက်ကို စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့နဲ့နီးကပ်လာနေတဲ့ စစ်ပွဲတွေကြောင့် မြို့ခံအများစုဟာ မြို့တွင်းတိုက်ပွဲမဖြစ်ခင်မှာ ကြိုတင် ရှောင်တိမ်းလာကြတာဖြစ်တယ်လို့ ဂွမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
“တိုက်ပွဲက မြို့နယ်နဲ့ နီးကပ်လာနေတာကြောင့် မြို့ခံတွေကတော့ ဘေးလွတ်နိုင်တဲ့ နေရာတွေကို ရှောင်နေကြတာဖြစ်တယ်။ အဓိက ဧရာဝတီတိုင်းက မြို့နယ်တွေကို ရှောင်ကြတာများတယ်။ မြို့မှာ လူက သိပ်မရှိတော့ဘူး။ အိမ်စောင့်သဘောလောက်ပဲ အမျိုးသားတွေ ကျန်ခဲ့ကြတာ။ အဓိကတော့ မြို့တွင်း တိုက်ပွဲဖြစ်လာရင် ပိတ်မိသွားကြမှာကို စိုးရိမ်ပြီးတော့ ရှောင်ကြတာ။”
ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ဂွမြို့နဲ့ ၁၅ မိုင်ခန့်အကွာ သဗြုချောင်း၊ ဒယ်ဘုတ်၊ ကြွေချိုင်၊ ဇီးကုန်းကျေးရွာအနီးအထိ ရောက်ရှိလာနေပြီး AA ရဲ့ ထိုးစစ်တွေဟာလည်း တဖြည်းဖြည်းနဲ့ မြို့အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
ဂွမြို့မှာ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စက်တင်ဘာလအတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မြို့ကို စွန့်ခွာသွားတာကြောင့် အုပ်ချုပ်ရေးယန္တရားတခုလုံး ရပ်တန့်သွားပါတယ်။
လတ်တလော ဂွမြို့နယ်အတွင်း ရှိနေသေးတဲ့ ဒေသခံတွေမှာ စစ်ကောင်စီက ဆေးဝါးနဲ့ စားနပ်ရိက္ခာတင်သွင်းခွင့် ကန့်သတ်ထားတာကြောင့် ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဂွမြို့နယ် ကျိန္တလီမြို့က စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“ဂွမြို့နယ်မှာ လူဦးရေ ၆၅ ရာခိုင်နှုန်းလောက်ကတော့ ဧရာဝတီဘက်ကို တိမ်းရှောင်ကြတာ ရှိပေမဲ့ ကျန် ၃၅ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်မြို့နယ်အတွင်းမှာ ဖြစ်သလို စစ်ရှောင်နေကြတာတွေ ရှိကြတယ်။ ကားစရိတ်တွေကလည်း အလွန်စျေးကြီးတာကြောင့် ခရီးအဝေး မသွားနိုင်ကြဘူး။ မြို့နယ်အတွင်းမှာ ကျန်ခဲ့ကြတဲ့သူတွေအတွက်တော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးက လိုအပ်မှုအရှိဆုံးပဲ။ ဂွမှာ တိုက်ပွဲစဖြစ်တဲ့ သြဂုတ်လကတည်းက စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ ဆေးဝါး တင်သွင်းခွင့်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားတာဆိုတော့ ရိက္ခာပြတ်လပ်လာပြီးတော့ ဆေးဝါးက လုံးဝကို ဝယ်ယူလို့ မရတော့ဘူး။”
ဂွမြို့နယ်အတွင်း နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ စစ်ရှောင်အရေအတွက် ၄၀,၀၀၀ နဲ့အထက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဂွမြို့နယ်မှာ သြဂုတ် ၈ ရက်က စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး ကျိန္တလီမြို့ကို သြဂုတ် ၁၃ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဂွတိုက်ပွဲအတွင်းမှာ ဧရာဝတီတိုင်းက စစ်ကူအများအပြားကို ပို့ဆောင်နေပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကြပြီးတော့ ထိခိုက်သေဆုံးသူတွေနဲ့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား အများအပြားလည်း ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
လက်ရှိမှာ ဂွမြို့နယ်အတွင်း တိုက်ပွဲတွေဟာ မြို့နဲ့ မိုင် ၄၀ ကျော်အကွာကနေ ၁၀ မိုင်ကျော် အကွာအထိ ရောက်ရှိလာတာကြောင့် ဂွမြို့ပေါ် တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းနဲ့ ဧရာဝတီနယ်စပ်တလျှောက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ သိရပါတယ်။