ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မတော်ဗဟိုဌာနချုပ်အနီးမှာ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ဗုံး ၆ လုံးကျခဲ့ပြီး ရွာသား တယောက် ဒဏ်ရာရကာ ရွာသားပေါင်း ၂၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဌာနချုပ်အနီးတဝိုက် ကျေးရွာတွေမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU နဲ့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။
“ဗုံးက သစ်ဗစ်ထရွာမှာ ၃ လုံး၊ ရှမ်းရွာသစ်မှာ ၁ လုံး၊ ပလေ့ကျေးထရွာမှာ ၂ လုံး စုစုပေါင်း ၆ လုံးကျတယ်။ အသက် ၃၀ ဝန်းကျင်ရွာသား တယောက် ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ အဲဒီ အနီးနားတဝိုက်ရွာပေါင်း ၄၊ ၅ ရွာက ရွာသားတွေ စစ်ဘေးရှောင်နေရတယ်၊ တချို့က သောင်ရင်းမြစ်ကနေ ထိုင်းဘက်ခြမ်းကို ကူးသွားတယ်။”
ထိုင်းဘက်ခြမ်းကို ကူးသွားတဲ့ ရွာသားတွေဟာ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ မဲသလေရွာမှာ ရောက်ရှိခိုလှုံနေကြပါတယ်။
ဒီလိုဒရုန်းနဲ့ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်က ပြုလုပ်တာ ဖြစ်နိုင်ပြီး ဘယ်တပ်စခန်းကနေ ပစ်တာလဲဆိုတာတော့ သေချာမသိရသေးဘူးလို့ KNU နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေအသီးသီးတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ ခုလို KNLA ဗဟိုဌာနချုပ် တိုက်ခိုက်ခံရတာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။