ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းစံပြကျေးရွာမှာ PNO ပြည်သူ့စစ်ထဲ ဝင်တယ်လို့ လက်မှတ်ထိုးပြီးမှ ရွာထဲ နေခွင့်ပေးမယ် ပြောတာကြောင့် ဒေသခံတွေ အိမ်မပြန်ရဲကြဘဲ ဖြစ်နေကြပါတယ်။
ပင်လောင်းမြို့နယ်မှာ ဇွန်လနောက်ဆုံးပတ်က ဆောင်းပြောင်းရွာထဲမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာလုံးကျွတ် စစ်ရှောင်ခဲ့ရလို့ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ အခက်အခဲ ပိုများလာသလို အိမ်ကိုပဲ ပြန်နေချင်ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဆောင်းပြောင်းဒေသခံတယောက်က “ရွာကိုဝင်တဲ့ လမ်းအကုန်လုံး PNO က ပိတ်ထားတယ်။ တကယ်လို့ ရွာထဲ ပြန်နေချင်ရင် အိမ်မှာရှိတဲ့ ယောကျာ်းသားအကုန် သူတို့ထဲ ဝင်ကြောင်း လက်မှတ်ထိုးရမယ်။ ပြီးမှ စစ်သင်တန်းတက်ပြီးမှ ရွာထဲ တမိသားစုလုံး ပြန်နေခွင့်ရမယ်။ တချို့က စစ်ရှောင်တာ အရမ်းခက်ခဲကြလို့ PNO ထဲဝင်ပြီး မလွှဲသာမရှောင်သာ ရွာပြန်နေနေကြတယ်” လို့ ပြောပါတယ်။
ဆောင်ပြောင်းကျေးရွာမှာ ဒေသခံတချို့နဲ့ စစ်ကောင်စီတပ်သား၊ PNO ပြည်သူစစ်တွေ လာရောက်တပ်စွဲ နေထိုင်နေပြီး ရွာသားရဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။
ဆောင်းပြောင်းကျေးရွာက အိမ်ခြေ ၂,၀၀၀ နီးပါးနဲ့ လူဦးရေ ၁ သောင်းကျော်ရှိပြီး လက်ရှိမှာတော့ ပင်လောင်းမြို့နယ်တောင်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဆီဆိုင်မြို့နယ်က ကောင်မူးဗွာရွာ၊ ထီမန်းရွာ၊ ထီတမ်ရွာ၊ ထမ်းယမ်ရွာနဲ့ နားခိုက်ရွာတို့မှာလည်း ဒေသခံတွေဟာ PNO ပြည်သူ့စစ်က စစ်သားတွေအတွက် နေ့တိုင်း ထမင်းချက်ပို့နေရတာကြောင့် အခက်အခဲတွေ ဖြစ်လာတယ်လို့ သိရပါတယ်။