ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကောင်မူးဗွာရွာနေ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အသက် ၂၃ နှစ်အရွယ် ခွန်ထွန်းလေးကို PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး ငွေသိန်း ၃၀ နဲ့ လာရောက်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၅ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လွယ်တဖြီးတောင်ခြေမှာ ဖမ်းချုပ်ထားကာ အောက်တိုဘာ ၁၃ ရက်မှာ ငွေကျပ် သိန်း ၃၀ နဲ့ မိသားစုကို လာရွေးခိုင်းပြီး လာမရွေးရင် ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “PNO က ငွေသိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်။ လာမရွေးရင် ပစ်သတ်မယ်ဆိုပြီး ပြောတယ်။ သူ့မိဘတွေလည်း အရမ်းစိတ်ပူတော့ ကျေးရွာထဲက ပိုက်ဆံလိုက်ချေးပြီး PNO နဲ့ ပြန်ညှိနှိုင်းပြီးတော့ သိန်း ၂၀ ပေးပြီး ပြန်လွတ်လာခဲ့တယ်” လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်က ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ပအိုဝ်းအတွင်း မူးယစ်ဆေးဝါးသုံးသူ ရောင်းဝယ်သူကို ဖမ်းဆီးပြီး သူတို့အကျင့် ပြန်လည် ကောင်းမွန်လာအောင် ပြုလုပ်ပေးမယ်၊ အရေးယူပေးမယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ မူးယစ်ဆေးဝါးသုံးသူကို ဖမ်းပြီး ငွေပဲညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ နောက်တယောက်က “မူးယစ်ဆေးဝါးကင်းစင်ဖို့ သူတို့လုပ်မယ်ပြောတယ်။ တကယ့်လက်တွေ့ကျ မူးယစ်ဆေးသုံးသူ ရောင်းဝယ်သူကို ဖမ်းပြီး ငွေတောင်းတယ်၊ ပြီးတော့ ပြန်လွှတ်တယ်။ အဲလိုမျိုးကျ ဒေသခံတွေက မလိုချင်ဘူး။ သူတို့ အဲလိုလုပ်တော့ မူးယစ်ဆေးသုံးသူ ရောင်းသူတွေက ပိုပိုလုပ်ရဲလာကြတယ်။ သူတို့အဖမ်းခံရရင် ပိုက်ဆံပေးပြီး ပြန်လွတ်လာမယ်ဆိုပြီး ပိုပိုရဲရဲတင်းတင်းလုပ်လာကြတယ်” လို့ ပြောပါတယ်။
ပအိုဝ်းဒေသဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ် အပါအဝင် ရပ်စောက်၊ ပင်လုံ၊ ညောင်ရွှေ၊ တောင်ကြီးမြို့နယ်တွေမှာ ၂၀၂၃ ခုနှစ်က PNO ပြည်သူ့စစ်က မူးယစ်ဆေးဝါးသုံးသူကို ဖမ်းပြီး ငွေညှစ်တဲ့အမှု အကြိမ် ၁၅၀ ထက်မက ပြုလုပ်ခဲ့တယ်လို့ မြေပြင်မှာ လူ့အခွင့်အရေးမှတ်တမ်း ကောက်နေတဲ့အဖွဲ့ထံက သိရပါတယ်။