ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့မှာ အောက်တိုဘာ ၈ ရက် မနက်က လုံခုတ်၊ ပေါင်းလင်း ပြည်သူ့စစ်အင်အားထောင်ချီ သင်တန်းဆင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့စစ်သင်တန်းဆင်းပွဲကို ဟိုပုံးမြို့ ကိုရင်လေး ပရဆေးဥယျာဥ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွေနဲ့ စစ်ကောင်စီဘက်က ဟိုပုံးတပ်နယ်မှူးနဲ့ အရာရှိတချို့ လာရောက်ခဲ့တယ်လို့ ဟိုပုံးဒေသခံက DVB ကို ပြောပါတယ်။
“အခု ပအိုဝ်းမှာ ပြည်သူ့စစ်အဖွဲ့ကို အတော်လေး အင်အားတိုးပြီးဖွဲ့တာ လူချင်းတိုက်မိရင်တောင် ပြည်သူ့စစ်တွေဖြစ်နေတယ်။ ပအိုဝ်းကလည်း အင်အားသောင်းချီတယ်။ အခု လုံခုတ်ပြည်သူ့စစ်ကလည်း ထောင်ချီတယ်။ ရှမ်းတောင်ကို စစ်မီးမွှေးပေးနေသလို ဖြစ်နေတယ်။”
ရှမ်းတောင်က ပြည်သူ့စစ်အဖွဲ့တွေကို တိုင်းစစ်ဌာနချုပ် ၄ ခုကို တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်က လက်နက်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့ တာဝန်ယူထားပေမဲ့ လက်ရှိမှာတော့ ပြည်သူ့စစ်အဖွဲ့တွေဟာ ဆက်ကြေးကောက်ပြီး ဖြေရှင်းနေရတာတွေ ရှိတယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
“ပြည်သူ့စစ်ဖွဲ့တာ မပြောလိုပေမဲ့ အထူးဒေသ ၆ တခုလုံး အကုန်ပြည်သူ့စစ်တွေ ဖြစ်ရမယ် ဆိုတာတော့ လက်မခံဘူး။ ဘာနဲ့စားကြမလဲ၊ လက်နက်ဝယ်ဖို့ PNO ဆက်ကြေးကောက်တာတွေ ရှိတယ်၊ တပ်က အကုန်လုံးကို လက်နက်ချမပေးနိုင်ဘူး။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ ၅ ဖွဲ့နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့ ၈ ဖွဲ့ကို ရပခတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းက စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ကို ထောက်ပံ့ပေးခဲ့တာ၊ အလားတူ PNA ပြည်သူ့စစ်ကလည်း သြဂုတ် ၂၁ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့၊ နောင်တရားမြို့တွေမှာ ပြည်သူ့စစ်အင်အား ၄၀,၀၀၀ နီးပါးကို ၃ ကြိမ်ခွဲ သင်တန်းပေးခဲ့ပါတယ်။