Home
မြန်မာသတင်း
ဟိုပုံးတွင် မြေပြိုသဖြင့် ဟိုခိုးတရွာလုံး ရွှေ့ပြောင်းရ
DVB
·
October 10, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ဟိုခိုးရွာ(ငိုမွူးရွာ) မှာ မိုးကြီးပြီး မြေထပ်ပြိုတာကြောင့် တရွာလုံး ထပ်မံရွှေ့ပြောင်းကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က မိုးစရွာပြီး အောက်တိုဘာ ၉ ရက်အထိ အဆက်မပြတ်ရွာသွန်းနေလို့ မြေကျွံကျတာ၊ မြေပြိုတာဖြစ်ပွားပြီး တောင်ကျရေလည်း အဆက်မပြတ် ပြန်ကျလာတယ်လို့ ဆိုပါတယ်။

ရွာခံတယောက်က “ကျနော်တို့ ဟိုခိုးရွာက တောင်စောင်းပေါ်လည်းဖြစ်တော့ အခက်ခဲပိုဖြစ်တယ်။ အိမ်အကုန်နီးပါ သူရဲ့အုတ်မြစ်က ပေါ်ကုန်တယ် ပြိုကြတယ်။ ခုဆို ရွာသားတွေ ရွာမှာမနေရဲတော့ဘူး။ အကုန်ကျွံကျနေတယ်။ စဖြစ်တုန်း ရွာသားတွေ အကုန်အချိန်မီရှောင်ကြတယ်။ ထိခိုက်သူတော့မရှိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ဟိုခိုးတရွာလုံး နီးစပ်ရာဘုန်းကြီးကျောင်းတခုမှာ ယာယီနေရပြီး ရွာပြန်နေနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။

“ရွာပြန်နေဖို့ အဆင်မပြေဘူး၊ အန္တရာယ်အရမ်းများတယ်။ မိုးကရွာ၊ တောင်ကျရေက ရုတ်တရက်ကျ၊ မြေကလည်းပြိုတော့ ပစ္စည်းလည်း မယူနိုင်ကြဘူး။ ခုဆို စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း၊ အမျိုးသမီး လစဉ်သုံး အဓိက လိုအပ်တယ်။”

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသမှာ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး တောင်ပြိုတာကြောင့် ကျေးရွာ ၁၇ ရွာက လူနေအိမ် ၁၈၆ လုံး ပျက်းစီးခဲ့ရပြီး ၄၂ ယောက်  သေဆုံးခဲ့တယ်လို့ မြေပြင်မှာလှုပ်ရှားနေတဲ့ ပရဟိတအဖွဲ့ထံမှ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013