Home
မြန်မာသတင်း
ကရင်နီ ရေဘေးသင့် ပြည်သူများ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ
DVB
·
September 16, 2024

ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ ရေဘေးဒုက္ခတွေ ကြုံတွေ့နေရပြီး ကရင်နီပြည်နယ်မှာလည်း ရေကြီးရေလျှံ မြေပြိုမှုတွေ ဖြစ်ပေါ်နေသလို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေလည်း လိုအပ်နေပါတယ်။

ကရင်နီပြည်နယ်က ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေမှာ စက်တင်ဘာ ၉ ရက်ကစလို့ တပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး ကျေးရွာတချို့နဲ့ စစ်ရှောင်စခန်းတွေ၊ လယ်ယာစပါးစိုက်ခင်းတွေနဲ့ ပျိုးခင်းတွေ ရေလွှမ်းမိုးပြီး ပျက်စီးခဲ့ပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက စက်တင်ဘာ ၁၄ ရက်တုန်းက ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေ ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေမှာ ရေဘေးသင့်ပြည်သူ ၂၈,၀၀၀ လောက်ရှိတယ်လို့ ပါရှိပါတယ်။ အိမ်ခြေတွေလည်း များစွာ ပျက်စီးဆုံးရှုံးခဲ့သလို အသက်သေဆုံးသူတွေလည်း ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ ရေဘေးကြုံတွေ့နေရတဲ့အထဲ ကရင်နီ စစ်ရှောင်စခန်း ၁၂ ခုလည်း ပါဝင်နေပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) အထွေထွေအတွင်းရေးမှူးက “အရေးပေါ်အနေနဲ့ ဆိုရင် စားနပ်ရိက္ခာတွေ လိုအပ်နေမယ်။ ယာယီ ပြန်ဆောက်ဖို့လိုတဲ့ တဲတွေ၊ မိုးကာတွေကတော့၊ ဒီတလလုံးမှာတော့ ယာယီဆိုတော့ သူတို့ မိုးကာနဲ့ပဲ အသုံးပြုကြတယ် ဆိုတော့လေ၊ စားနပ်ရိက္ခာဆိုလည်း အစားအသောက်တွေ လိုမယ်၊ မိုးကာတွေလိုမယ်၊ ပြီးတော့ Hygiene Kits တွေလိုမယ်၊ ပြီးရင် ဆေးဝါးတွေလိုမယ်။ ပြီးတော့ အရေးပေါ် ကယ်ဆယ်တဲ့ဟာတွေ လိုမယ်၊ ကယ်ဆယ်တယ်လို့ ပြောတဲ့နေရာမှာကျတော့ ထိခိုက်ဒဏ်ရာရတဲ့ဟာမျိုး၊ တချို့ကျတော့ သေဆုံးသွားတဲ့ဟာမျိုးတွေ ရှိတော့၊ ကားတွေ ဘာတွေ လိုအပ်တဲ့ဟာမျိုးတွေ၊ နောက် ဆေးရုံ ဆေးခန်းတွေ ပို့ဖို့အတွက် ကားတွေ ဘာတွေ လိုအပ်တဲ့ဟာမျိုးကတော့ လတ်တလောမှာ အရေးပေါ် လိုမယ်ပေါ့နော်” လို့ ပြောပါတယ်။

ကရန်နီပြည်နယ်က တော်လှန်ရေးရဲဘော်တွေနဲ့ စုဖွဲ့ထားတဲ့ Karenni’s Art Creation (KAC) အဖွဲ့က သူတို့ရဲ့ တော်လှန်ရေးရုပ်ရှင်ဖြစ်တဲ့ “Lose And Hope” ဆုံးရှုံးခြင်းနှင့် မျှော်လင့်ခြင်း ရုပ်ရှင်ကို ပွန်ချောင်း စစ်ရှောင်စခန်းမှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အခုလို ရေဘေးအန္တရာယ်တွေ ကရင်နီပြည်အနှံ့ ကြုံတွေ့နေရချိန် ပွန်ချောင်းစစ်ရှောင်စခန်းလည်း ပါဝင်ခဲ့တာကြောင့် အကူအညီတွေ ပေးသွားဖို့ စီစဉ်နေပါတယ်။

Lose And Hope ရုပ်ရှင်သရုပ်ဆောင် အန်ထော်နီက “ကျနော်တို့ ဒီမှာ ဘယ်လိုမျိုး စီစဉ်ထားလဲဆိုရင် သူတို့အတွက် အရေးတကြီး လိုအပ်နေတဲ့ စက်လှေတစီးကို ကျနော်တို့ စီစဉ်နေကြတယ်ပေါ့နော်။ စက်လှေဆိုတာက သူတို့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတာတွေ၊ လူပျောက်တာ လိုက်ရှာတာတွေ၊ ပစ္စည်းကို သွားပို့ရတာတွေ၊ အဲလိုနေရာတွေမှာ အများကြီး အသုံးဝင်တဲ့ ပစ္စည်းတခုဖြစ်တယ်။ ပြီးတော့မှ သူတို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ အခြေခံ အစားအသောက်ပေါ့နော် ဆန်၊ ဆီ၊ ဆား ပြီးတော့ မိုးကာ၊ ပြီးတော့မှ အိမ်သာခွက်တွေ၊ အဲ့လိုမျိုး အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေကို ကျနော်တို့ သွားလှူပေးဖို့ ရှိတယ်” လို့ ပြောပါတယ်။

KAC အဖွဲ့အနေနဲ့ သူတို့ရဲ့ တော်လှန်ရေးရုပ်ရှင်တွေက ရရှိလာတဲ့ ငွေကြေးတွေထဲက အလှူငွေ သိန်း ၁၅၀ ကျပ်ကို မတည်လှူဒါန်းခဲ့တာဖြစ်ပြီး KAC နဲ့အတူ ကူညီချင်တဲ့ စေတနာအလှူရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ IEC ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်ထူကိုယ်ထ ကူညီကြတဲ့ ဒေသခံတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကရင်နီပြည်နယ်ရဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီကြတာများပြီး ပြင်ပက အကူအညီလာကြတာမျိုး လာရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013