ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ တခုတည်းတင် ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ အိမ်တွေ ပြန်ပြင်ဖို့အတွက် ဘတ်သန်း ၅၀၀ လောက် ကုန်ကျနိုင်တယ်လို့ ခရိုင်တာဝန်ရှိသူတယောက်က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
ဒါပေမဲ့ အကျပ်အတည်းကာလကို မလွန်မြောက်သေးဘဲ နယ်စပ်မြို့ကလေးက နေရာအများအပြားမှာ ရေလွှမ်းနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခု ထိခိုက်ဆုံးရှုံးမှုဟာ ရေကြီးမှုကြောင့် ပျက်စီးတဲ့ နေအိမ်နဲ့ ဆိုင်အရေအတွက်ကို အခြေခံတွက်ထားတာဖြစ်ပြီး ဘတ် ၄၉,၅၀၀ နှုန်း အခြေခံနဲ့ တွက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
မယ်ဆိုင်က အိမ်နဲ့ဆိုင် အနည်းဆုံး ၁၀,၀၀၀ လောက် ရေလွှမ်းမိုးပျက်စီးခဲ့တယ်လို့ အတည်ပြုထားပြီး ရေကျတဲ့အချိန် အသေးစိတ် စစ်ဆေးတဲ့အခါကျရင် အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း မှန်းထားပါတယ်။
ပြီးခဲ့တဲ့အပတ်က မယ်ဆိုင်မြစ်ရေလျှံမှုဟာ အနှစ် ၄၀ လောက်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချို့နေရာတွေဟာ အခုထိ ရေလွှမ်းနေဆဲဖြစ်ပြီး ရေစီးသန်တာကြောင့် နေဗီဆီးလ် အထူးတပ်ဖွဲ့တွေပဲ ရောက်ရှိနိုင်သေးတာ ဖြစ်ပါတယ်။
ထိုင်းတပ်မတော်က ပိတ်မိနေတဲ့ ပြည်သူတွေအတွက် ရဟတ်ယာဉ်တွေနဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ ဆက်လက်ချထားပေးနေပါတယ်။ မယ်ဆိုင်မှာတင် ယာယီခိုလှုံဖို့နေရာ ၁၇ ခု ဖွင့်လှစ်ပေးထားပါတယ်။
နိုင်ငံတဝန်းက ခရိုင် ၇ ခုမှာ ရေလွှမ်းမိုးပြီး အိမ်ခြေ ၂၈,၀၀၀ ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာရေးဌာနက ထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ရေကြီးမှုအန္တရာယ် ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အထူးအစည်းအဝေးတရပ် စက်တင်ဘာ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။
Source-Reuters