ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ဘောရစ်မုန်တိုင်းကြောင့် မိုးသည်းပြီး ရေကြီးရေလျှံဖြစ်ပေါ်နေကာ သေဆုံးသူ ၈ ယောက်ထက်မနည်းရှိသလို ပျောက်ဆုံးသူတွေလည်း ရှိနေပါတယ်။
ဩစတြီးယားမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်သမားတယောက် သေဆုံးခဲ့သလို ပိုလန်မှာလည်း လူတယောက် ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။
ရိုမေးနီးယားမှာ သေဆုံးသူ ၅ ယောက်ရှိပြီဖြစ်သလို ချက်သမ္မတနိုင်ငံမှာလည်း ပျောက်ဆုံးသူ အများပြား ရှိနေပါတယ်။
ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတဝိုက်ကို ဘေးသင့်ဧရိယာ ကြေညာထားသလို ပိုလန်ကလည်း သဘာဝဘေး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ချက်သမ္မတနိုင်ငံမှာ မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီး တချို့ဧရိယာတွေမှာ ပုံမှန် သုံးလစာလောက် မိုးရေချိန်ကို သုံးရက်နဲ့ ကြုံခဲ့ရပါတယ်။
ကယ်ဆယ်ရေးတွေလုပ်နေပြီး လူ ၄ ယောက် ပျောက်ဆုံးနေပါတယ်။ အဲဒီထဲက ၃ ယောက်က ကားတစင်းနဲ့ မြစ်ထဲကျသွားတာဖြစ်ပြီး တယောက်ကတော့ ချောင်းရေနဲ့ မျောသွားတာ ဖြစ်ပါတယ်။
တချို့ဒေသတွေမှာတော့ ဓာတ်အား၊ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။
ရိုမေးနီးယားက ရွာတရွာမှာ အိမ်ခြေ ၇၀၀ လောက် ရေမြုပ်သွားတယ်လို့ ဆိုပါတယ်။
ဩစတြီးယားမှာတော့ ရထားခရီးစဉ် အများအပြား ဖျက်သိမ်းထားရပြီး ဗီယင်နာ မြေအောက်ရထားခရီးစဉ်တချို့ ပိတ်ထားရပါတယ်။
ပိုလန်တောင်ပိုင်းမှာတော့ မီးသတ်သမားတွေက မြစ်နားက ဒေသခံတွေအတွက် သဲအိတ်တွေ ကာပေးနေပါတယ်။
မြို့တမြို့မှာတော့ ဆည်ကျိုးပြီး တံတားပါကျိုးသွားခဲ့သလို လမ်းမတွေပါ ရေလျှံခဲ့ပါတယ်။
ဘိုရစ်မုန်တိုင်းကြောင့် တနင်္လာနေ့ ညပိုင်းအထိ ဗဟိုနဲ့ ဥရောပမှာ မိုးသည်းဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။
Source-Reuters