ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျေးရွာတွေမှာ ရေကြီးပြီး တောင်ပြိုမှုအတွင်း အရပ်သား ၂၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မဲနယ်တောင်မှာ စက်တင်ဘာ ၁၁ ရက်ကစပြီး တောင်ကျရေ အများအပြားနဲ့အတူ တောင်ပြိုမှုပါ ဖြစ်ပွားလို့ အရပ်သားတွေ မျောပါသေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ရွာရပ်မိရပ်ဖတယောက်က “ရေထဲမျောပါသူ တောင်ပြိုမှုအတွင်း ပါသွားသူ ၅၀ ကျော်ရှိတယ်။ အခု အလောင်း ၂၁ လောင်းပဲ တွေ့သေးတယ်။ အင်တာနက်လိုင်း၊ ဖုန်းလိုင်းလည်း ၁၁ ရက်နေ့ကတည်းက မရဘူး။ လိုင်းလည်းမရ၊ လမ်းပေါ်တွေလည်း မြေပြိုနေတော့ တရွာနဲ့တရွာ အဆက်အသွယ် မရကြသေးဘူး။ အထိအခိုက် အကုန်လုံးက သေချာမရသေးဘူး။ ခုစုစုပေါင်းစာရင်းရတာ ၂၁ ယောက်ရှိပြီ။ ခုစာရင်းက ပျောက်နေတဲ့သူက မပါသေးဘူး” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေမှာ မဲနယ်တောင်ဒေသ တလျနွိုးရွာက သားအမိ ၃ ယောက်၊ မြေပိပြီး သေဆုံးသူ စံဖူးရွာမှာ ဒေသခံ ၆ ယောက်၊ ဗန်းစောက်ရွာမှာ ၅ ယောက်၊ လုဲင်းကင်ရွာမှာ ၃ ယောက်၊ ယုတ်ပေရွာမှာ တယောက်၊ ပင်လျံရွာမှာ တယောက်၊ ကျောက်ကဆျားရွာမှာ တယောက်၊ နောင်စုံရွာမှာ တယောက်လို့ သိရပါတယ်။
မဲနယ်တောင်ဒေသခံတယောက်က “အကူအညီက မရကြပါဘူး။ တချို့ ကားသွားလာလို့ရတဲ့ နေရာဆိုရင် ပရဟိတလုပ်တဲ့ တချို့က လာကူညီတာရှိတယ်။ ဒါပေမဲ့ ရတဲ့အကူအညီလည်း အနည်းငယ်လောက်ပဲ ရကြတယ်။ တာဝန်ရှိသူတွေ လာစစ်ဆေးတာ လာကြည့်တာ လာကူညီတာ အားပေးစကား ပြောတာ မရှိသေးဘူး” လို့ ပြောပါတယ်။
လူသေဆုံးတဲ့အပြင် စံဖူးအုပ်စုရှိ ကျေးရွာ ၇ ရွာမှာ လူနေအိမ် ၇၉ လုံး၊ ပင်လျံကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာမှာ လူနေအိမ် ၃၈ လုံးလည်း ရေမျောပါ ပျက်စီးသလို တောင်ပြိုပြီး မြေပိသွားတဲ့ အိမ်လည်း များစွာရှိတယ်လို့ ပြောပါတယ်။
အခု မဲနယ်တောင်ဒေသမှာ မိုးရွာနေဆဲဖြစ်ပြီး ရေထဲ အိမ်မျောပါသူနဲ့ မြေပိတဲ့အိမ်က ဒေသခံ ၁,၀၀၀ ကျော်မှာ ရွာထဲမနေရဲကြဘဲ ခိုခြဲကျေးရွာမှာ ရေဘေးရှောင်၊ သဘာဝဘေးရှောင်စခန်းဖွင့် နေရာချထားပြီး စားနပ်ရိက္ခာ၊ အိုးခွက်ပန်ကန်၊ ဆေးဝါး၊ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။