နီပေါနိုင်ငံအတွင်း မနားတမ်း မိုးရွာနေလို့ အကြီးစား ရေကြီး မြေပြိုတာတွေကြောင့် သေဆုံးသူ အယောက် ၂၀၀ လောက်ရှိလာပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပါတယ်။
မုတ်သုံမိုးနဲ့ မြေပြိုတာတွေကြောင့် သေဆုံးသူ ဦးရေဟာ စက်တင်ဘာ ၃၀ မှာ ၁၉၃ ယောက်ထိ မြင့်တက်သွားပြီး လူ ၃၁ ယောက်ထက်မနည်း ပျောက်နေကာ တခြားလူ အများအပြား ဒဏ်ရာရခဲ့တယ်လို့လည်း နီပေါတာဝန်ရှိသူက ပြောပါတယ်။
ကပ်ဆိုက်လောက်အောင် ရေကြီးနေလို့ အိမ်တွေ အများအပြားပျက်စီးပြီး အဝေးပြေးလမ်းတွေ ပြတ်တောက်ကုန်တဲ့အပြင် လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေတာပါ။
နိုင်ငံတွင်း ဓာတ်အားဖြန့်ဖြူးမှု စုစုပေါင်းရဲ့ ၃ ပုံတပုံဖြစ်တဲ့ မဂ္ဂါဝပ် ၁၁၀၀ လောက်လည်း ရေဘေးကြောင့် ပိတ်ထားရပါတယ်။
မြို့တော် ခတ္တမန္ဒူကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ အပါအဝင် လမ်းမကြီးတွေ အားလုံးနီးပါး ရေကြီး မြေပြိုတာတွေနဲ့ အပျက်အစီးတွေကြောင့် ပိတ်ဆို့နေတယ်လို့ ရဲက ပြောပါတယ်။
ဆယ်စုနှစ် တခုကျော်အတွင်း ဒီလောက်ပြင်းထန်တဲ့ မိုးရေချိန်ကို မမြင်ဖူးခဲ့ဘဲ အဆိုးဆုံး နေရာတွေမှာ ရက်ပိုင်းအတွင်း မိုးရေချိန် ၃၂၂ ဒသမ ၂ မီလီမီတာအထိ ရောက်ခဲ့တာပါ။
အမြင့်ဆုံးအထိ ရေမျက်နှာပြင် ရောက်ခဲ့တာ ဖြစ်ပြီး မခန့်မှန်းနိုင်လောက်အောင်ပဲလို့ လာလစ်ပူရ် ဒေသခံ ရာဂျက်စ်ကူမား မဟာဂျန်က ပြောပါတယ်။
နီပေါနိုင်ငံမှာ ဇွန်လအစောပိုင်း မုတ်သုံရာသီစတည်းက မိုးဟာ ပုံမှန်ထက် မိုးရေချိန် ပိုများခဲ့ပါတယ်။
Source-Reuters