
နီပေါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုပြီး လူ ၆၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
အဓိကလမ်းမကြီးတွေ ပိတ်ထားရပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေလည်း နှောင့်နှေးနေတယ်လို့ သိရပါတယ်။
သေဆုံးသူ အရေအတွက်ဟာ တိုးလာနိုင်ပြီး လူ ၆၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်သလို လူ ၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရဲ့ မြို့တော်လည်းဖြစ်၊ လူဦးရေ ၄ သန်းလောက် နေထိုင်ရာဖြစ်တဲ့ ခတ္တမန္ဒူမှာ အသေအပျောက် အများဆုံး ဖြစ်ပါတယ်။
ခေါင်မိုးတွေနဲ့ အမြင့်ပိုင်းတွေမှာ ခိုလှုံရင်း ပိတ်မိနေတဲ့သူတွေကို ရဟတ်ယာဉ်တွေ၊ ရာဘာလှေတွေနဲ့ လိုက်လံကယ်ဆယ်နေပါတယ်။
ဟိမဝန္တာတောင်တန်းဒေသနိုင်ငံရဲ့ မြစ်အများစုက မြစ်ရေလျှံနေပြီး လမ်းတွေ၊ တံတားတွေပါ သွားလာရခက်ခဲနေပါတယ်။
Source-Reuters