Home
မြန်မာသတင်း
အင်းလေးက ရေဘေးသင့် အိမ်ထောင်စု ၅၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
DVB
·
September 29, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ဟောင်းနဲ့ အင်းလေးအနောက်ဘက်ကမ်း သန်းထောင် ဘုန်းကြီးကျောင်း၊ ဇရပ်၊ စောင်းတန်းတွေထဲက ရေဘေးဒုက္ခသည် အိမ်ထောင်စု ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သန်းထောင်ဘုန်းကြီးကျောင်းဝန်းကျင်မှာ ရေဘေးရှောင်သူများပေမယ့် အလှူရှင်မရှိလို့ ထမင်းနပ်မှန်အောင် မစားရတာ၊ ဆန်ပြုတ် ပြုတ်သောက်ရတာမျိုး ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ ရေမသန့်ရှင်းလို့ ဝမ်းရောဂါလည်း ဖြစ်ပွားနေပြီ ဆေး၊ ရေသန့်နဲ့ မီးသွေး အဓိက လိုအပ်နေတာလို့ ရေဘေးသင့်သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)ကတော့ အင်းလေးထဲက အိမ်ထောင်စုတွေအတွက် လောင်စာတောင့် ၃ သောင်း ဖြန့်ဝေခဲ့ပြီး မလုံလောက်တာကြောင့် ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ နောက်ထပ် ၅ သောင်း ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရေပြန်မကျသေးလို့ ရေဘေးတိမ်းရှောင်နေရတာ ရက်ပေါင်း ၂၀ လောက် ကြာမြင့်လာပြီဖြစ်ပြီး အခက်အခဲတွေက တရက်ထက်တရက် ပိုကြုံလာနေကြတာပါ။

ဒါ့အပြင် အင်းလေးကန်ရဲ့ တောင်ပိုင်းက စံကားမြို့ဟောင်းဒေသမှာလည်း ရွာပေါင်း ၉ ရွာက အိမ်ထောင်စု ၂၉၀ ကျော်ဟာ ရေဘေးသင့်နေဆဲဖြစ်ပြီး စားရေးသောက်ရေးအတွက် အရေးပေါ်လိုအပ်နေတယ်လို့ စံကား ပရဟိတကျောင်းက အရှင် ကုမာရက ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်ကစလို့ ရေကြီးခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှာ ရေ ၁ ပေလောက်ပဲ ကျသွားပေမဲ့ အိမ်တွေမှာ လူနေထိုင်လို့မရသေးတာကြောင့် ခက်ခဲနေတာလို့ ဆိုပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ကျေးရွာပေါင်း ၁၇၀ ကျော် ရေနစ်မြုပ်နေတာကြောင့် အချင်းချင်း မကူညီနိုင်တဲ့ အနေအထားလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013