Home
မြန်မာသတင်း
ရေဘေးသင့် အင်းလေးက ရွာပေါင်း ၂၀၀ ဝန်းကျင်  အကူအညီလိုနေဆဲ
DVB
·
September 25, 2024

မကြုံစဖူးရေကြီးနစ်မြှုပ်မှုနဲ့ကြုံတွေ့နေရတဲ့ အင်းလေးဒေသမှာ သီတင်း ၂ ပတ်ကျော်လာတဲ့အထိ ရွာပေါင်း ၂၀၀ ဝန်းကျင် ရေဘေးသင့်နေပြီး အကူအညီမရသေးတဲ့ ရွာတွေလည်းရှိနေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
အင်းလေးဒေသမှာ စက်တင်ဘာ ၁၁ ရက်က မကြုံမဖူး ၃ ပေအထိ ရေမြင့်တက်လာပြီးနောက် ကျေးရွာပါင်း ၂၀၀ ဝန်းကျင်ဟာ ရေဘေးကြုံနေရတာပါ။

အင်းလေးမှာ ဌာနဆိုင်ရာတွေရဲ့စာရင်းအရ ရေဝင်ပေါက် ၁၉ ခုရှိပေမဲ့ ရေထွက်ပေါက်ကတော့ မိုးဗြဲဆည်ဘက် တပေါက်သာရှိလို့  တရက်ကို ၁ ပေလောက်ပဲ ရေပြန်ကျနေပြီး အနည်းဆုံး ၂ လကနေ အများဆုံး ၄ လအထိ ရေကြီးမှုကို ခံစားရနိုင်တယ်လို့ အင်းသားတွေက ပြောပါတယ်။

အင်းသားတယောက်က “ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလအထိ၊ နတ်တော်၊ ပြာသိုအဲလောက်မှ ရေတွေအကုန်လုံးပြန်ကျပြီး နဂိုအတိုင်းပြန်ရောက်မှာ။ ကုန်သွားတာ ဘာမှမကျန်ဘူးလေ။ အမြန် တချို့က ပစ္စည်းတောင်မရဘူးဝေါ် ။ အခုတော့ အလှူရှင်တော့ နေ့တိုင်းလာနေတာပေါ့နော်။ နောက်ပိုင်းကျတော့ ဘယ်လိုမျိုးနေရမယ် မသိတော့ဘူး။ စစတည်းက တနေ့ရှာတနေ့စားမှတော့ တော်တော်ဒုက္ခရောက်တယ်။ နေဖို့ရာလည်းမရှိဘူး။ လုပ်စရာလည်းမရှိဘူး အဲလိုမျိုး”လို့ ပြောပါတယ်။

အခုချိန်ထိကတော့ အိမ်အတော်များများရေမြှုပ်နေတုန်းဖြစ်ပြီး တချို့ရွာတွေမှာ နှာစီး၊ ဖျားနာနဲ့ ဝမ်းနဲ့ဆိုင်တဲ့ရောဂါတချို့ဖြစ်နေတယ် ကြားပေမဲ့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ဒါအပြင် အင်းအတွင်းပိုင်းမှာရှိကြတဲ့ ရွာတွေကတော့  စက်လှေ၊ စက်သုံးဆီမရှိတာ၊ လမ်းပန်း ဆက်သွယ်ရေးအပါအဝင် အကြောင်းအရင်းအမျိုးမျိုးကြောင့် ရေဘေးထောက်ပံ့ပစ္စည်းတွေကို အခုချိန်ထိမရကြသေးပါဘူး။

အင်းလေးမှာ အရှေ့နဲ့အနောက်ဆိုပြီး ကန်ပတ်လမ်းနှစ်ခုရှိကြောင်းနဲ့ အရှေ့ကန်ပတ်လမ်းကလွိုင်ကော်အထိ ပေါက်ကြောင်း ရေဘေးကူညီပေးနေတဲ့ ဒေသခံဆရာတော်တပါးက အခုလို မိန့်ပါတယ်။

ဒေသခံဆရာတော်တပါးက "အဲတော့ လွိုင်ကော်အထိရောက်ပေမဲ့ လမ်းသွားလို့ လာလို့ကောင်းတာ နန်းပန်အထိပဲ ကောင်းတာ။ နန်းပန်ရွာက ကတ္တရာလမ်းလေးတွေက ဘာဖြစ်လဲဆိုတော့ သူက ကားလမ်းလေးရဲ့ အောက်ကိုပြန်ဆင်းသွားရင် ဆင်းသွားတဲ့နေရာမှာရေကျော်နေတာ။ အနောက်ဘက်လမ်းကျတော့ ဦးပဉ္စင်းတို့ ခေါင်တိုင်အလွန် ကန်ရွာထိပဲသွားလို့ရတယ်။ ဟိုဘက်အခြမ်းကို မောင်းလို့ မရတော့ဘူး။ ရေတွေရှိနေသေးတယ်။ အဲတော့ အလှူရှင်လာတဲ့ကားတွေက ခေါင်တိုင်အစွန်ဆုံးပဲ။ အဲဒီနားရောက်ပြီးတော့ ဆက်သွားလို့မရတော့ အဲဒီအနောက်ဘက်ကန်ပတ်လမ်းကနေပြီးတော့ တောက်လျောက်ရှိတဲ့ရွာတွေက ရေဘေးကယ်ဆယ်ရေး အလှူပစ္စည်းမရဘူး ဒါယကာကြီး”လို့ မိန့်ပါတယ်။

ဒါကြောင့်ပဲ အဲလိုနေရာတွေအထိ ရေဘေးထောက်ပံ့ရေးပစ္စည်းတွေရောက်အောင် တက်နိုင်သလောက်ကြိုးစားနေတုန်းပဲလို့ ဆိုပါတယ်။

အင်းလေးဒေသဟာ ရေတဖြည်းဖြည်းမြင့်တက်တာဖြစ်လို့ အဝတ်အစား၊ အသုံးအဆောင်တွေ ပျက်စီးတာသိပ်မရှိဘဲ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေတွေပဲ အဓိကလိုအပ်တာလို့ သိရပါတယ်။

အင်းလေးဒေသမှာ ကျေးရွာ အုပ်စု ၃၄ စု၊ ရွာပေါင်း ၄၄၆ ရွာရှိပြီး စက်တင်ဘာ ၁၁ ရက်တုန်းကတော့ ဘီလူးချောင်းရေရုတ်တရက်ကြီးတာကြောင့် အင်းတိန်ရွာ၊ အုတ်ကျောင်းနားမှာနေတဲ့ ကရင်နီစစ်ရှောင် ၇ ဦး ထက်မနည်း ရေစီးနဲ့မျောပါခဲ့ပါသေးတယ်။

အင်းလေးရဲ့တခုတည်းသော ရေထွက်ပေါက်ဖြစ်တဲ့ မိုးဗြဲဆည်မှာရေကျော်တာကြောင့် ဘီလူးချောင်းရေ မြင့်တက်နေပြီး လွိုင်ကော်ဘက်မှာလည်း ရေကြီးနှစ်မြှုပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013