မြန်မာရေဘေးသင့် ပြည်သူတွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ လက်ရာပန်းချီကားတချပ်ကို ဂျပန်နိုင်ငံမှာ လေလံတင်ရောင်းချခဲ့ရာမှာ ယန်း ၁,၈၆၀,၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။
"နွေဦးအောင်ပွဲ" အမည်ရတဲ့ အဲဒီ ပန်းချီကားကိုတော့ တော်လှန်အနုပညာရှင် အဆိုတော် ချမ်းချမ်းရဲ့ ဂျပန်နိုင်ငံမြို့ကြီး ၅ မြို့ ဂီတဖျော်ဖြေပွဲမှာ လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး ဂျပန်ရဲ့ နှစ်ပေါင်းရာချီ ထိန်းသိမ်းလာတဲ့ အရည်သွေးပြည့်ဂျပန်ရိုးရာစက္ကူ 和紙(washi) ပေါ်မှာ ပုံနှိပ်ထားတဲ့ Digital Art ဖြစ်ပြီး ပန်းချီကားပေါ်မှာ ကိုမင်းကိုနိုင် လက်မှတ်အပြင် ပြည်သူ့အဆိုတော် ချမ်းချမ်းရဲ့ မေတ္တာ လက်မှတ်ပါ ပါဝင်တယ်လို့ သိရပါတယ်။
အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးမြေပြိုမှုတွေကြောင့် ဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် တော်လှန်အနုပညာရှင်တွေရော မြန်မာပြည်တွင်းက အနုပညာရှင်တွေပါ အသီးသီးက ဝိုင်းဝန်း ထောက်ပံ့ကူညီလှူဒါန်းနေကြပါတယ်။
ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ နေပြည်တော် အပါအဝင် ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၅၉ ခုကို ရေလွှမ်းမိုးခဲ့တာပါ။
မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရသလို လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ အနည်းဆုံး လူ ၃၀၀ နီးပါးထိ သေဆုံးခဲ့ပြီး လာအိုမှာတော့ အနည်းဆုံးလူ ၄ ယောက် သေဆုံးခဲ့ကာ မြန်မာနိုင်ငံမှာလည်း လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်အရ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီ နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၈ သိန်းကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီနေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီပေးနေပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် တယောက်ကို ထောက်ပံ့ငွေ ကျပ် ၈ သိန်း ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီက ထုတ်ပြန်ထားပါတယ်။
အမျိုးသားစီမံခန့်ခွဲမှုဆိုင်ရာ ရန်ပုံငွေကနေ ကျပ် ၅ သိန်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ် ၃ သိန်း စုစုပေါင်း ကျပ် ၈ သိန်းကို ကျန်ရစ်သူ မိသားစုတွေထံ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကလည်း ထပ်ဆောင်းပေးသွားမှာ ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာခံစားခဲ့ရတဲ့ အခြေအနေနဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေအပေါ် မူတည်ကာ လိုအပ်တဲ့ အထောက်အပံ့ ကူညီမှုတွေကို ဆက်လက်စီစဥ် ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။