ဂျပန်နိုင်ငံရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP က ဝါရင့်နိုင်ငံရေးသမား ရှီဂယ်ယူ အီရှီဘာကို ခေါင်းဆောင်နေရာ တင်မြှောက်ကာ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
လွန်ခဲ့တဲ့လမှာ ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါက ပါတီခေါင်းဆောင်နေရာအတွက် ထပ်ပြိုင်မှာမဟုတ်ကြောင်း ကြေညာခဲ့ပြီးနောက် အခုလိုမျိုး LDP ပါတီတွင်း ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။
စစ်ပွဲအလွန်ကာလအများစုမှာ ဂျပန်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ LDP ပါတီက ခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ်လောင်း ၉ ယောက်အထိ စံချိန်တင် ဝင်ပြိုင်ခဲ့ကြပါတယ်။
ဒီတခေါက် ရွေးကောက်ပွဲမှာ အသက် ၆၃ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်း အီရှီဘာ က ပါတီတွင်း မဲအများဆုံး ရရှိခဲ့ပေမဲ့လည်း ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာနိုင်တဲ့ ဆာနာအဲ တာကာအီချီနဲ့ ဒုတိယအကျော့အထိ ယှဉ်ပြိုင်ခဲ့ရပါတယ်။
အသက် ၄၃ နှစ်အရွယ် အငယ်ဆုံး ကိုယ်စားလှယ်လောင်း ရှင်ဂျီရို ကွိုင်ဇူမီ အပါအဝင် စုစုပေါင်း ၉ ယောက် ဝင်ပြိုင်ခဲ့ပြီး အဲဒီထဲက ၄ ယောက်ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နောက်ထပ် ၃ ယောက်ကိုတော့ ကာကွယ်ရေးဝန်ကြီးဟောင်းတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် LDP က လွှတ်တော်နေရာ အများစုကို ပိုင်ဆိုင်ထားတဲ့အတွက် ပါတီအကြီးအကဲသစ် ဖြစ်လာမယ့်သူဟာ ဝန်ကြီးချုပ်တာဝန် ကျိန်းသေယူရဖို့ ရှိပါတယ်။
တဖက်မှာလည်း LDP ဟာ နိုင်ငံရေးရန်ပုံငွေဆိုင်ရာ အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရပြီး ပါတီတွင်း အဖွဲ့ငယ် ၆ ခုထဲက ၅ ခုကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ် အီရှီဘာ ကတော့ လူနေမှုစရိတ် မြင့်တက်လာတဲ့ ပြည်တွင်းရေး ပြဿနာကို ဖြေရှင်းရဖို့ရှိသလို အရှေ့အာရှဒေသမှာလည်း တရုတ်-မြောက်ကိုရီးယား တို့ရဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ လူထုယုံကြည်မှုကို တဖန်ပြန်ရဖို့အတွက် LDP ပါတီအနေနဲ့ ပြောင်းလဲသွားပြီဆိုတာ ပြသဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်ဟောင်း ကီရှီဒါက မှတ်ချက်ပေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ဂျပန်နိုင်ငံက အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Source-Reuters