ကယားပြည်နယ်မှာရှိတဲ့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့က ကျေးရွာတွေနဲ့ ပွန်ချောင်းအနီးနားက စစ်ရှောင်စခန်းတွေမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေကြပြီး အကူအညီတွေ လိုအပ်နေပါတယ်။
စက်တင်ဘာလ ပထမအပတ်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေ၊ တောင်ကျချောင်းရေတွေနဲ့ မိုးဗြဲရေကာတာဖောက်ချမှုတွေကြောင့် မြေအနိမ့်ပိုင်းဒေသတွေမှာ ရေဘေးအခက်ခဲ ခုချိန်ထိ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ကယားနဲ့ ရှမ်းပြည်နယ်စပ် ဖယ်ခုံမြို့နယ်ထဲက နေရာအချို့မှာလည်း မြေပြိုမှုကြောင့် လူသေဆုံးရတာ၊ စာသင်ကျောင်းတွေပျက်စီးတာ၊ မြေပြိုတာတွေနဲ့ နေအိမ်အများအပြား ထိခိုက် ပျက်စီးတာတွေရှိနေပါတယ်။
တဲအိမ်ပျက်စီးသွားသော စစ်ရှောင်အမျိုးသမီးတယောက်က “မိုးတအားရွာတော့ မြေလဲပြိုပြီး တဲလည်းထိသွားတယ်။ ပစ္စည်းဥစ္စာတွေလည်း အကုန်လုံးပျက်၊ ညကြီးဖြစ်တော့ မိသားစုကတော့ နေရာရွှေ့အိပ်တာပေါ့။ မနက်ကျတော့ တဲက မြေကြီးအောက် ရောက်နေပြီ။ ဝမ်းနည်းတာပေါ့။ ဘာမလဲ မကျန်တော့ဘူးလေ” လို့ ပြောပါတယ်။
လွိုင်ကော်မြို့က ရပ်ကွက်တွေနဲ့ အနီးနားက ကျေးရွာတွေမှာလည်း ရေဆက်လက်မြင့်တက်နေ တာကြောင့် နေရာရွှေ့ပြောင်းတာတွေပြုလုပ်နေရပြီး စပါးခင်းတွေ၊ လယ်တွေပျက်စီးကုန်ပြီး အလှူရှင်တချို့က ပေးတာကို မှီခိုနေရတယ်လို့ ဆိုပါတယ်။
ဘုရားဖြူကျေးရွာမှ ရေဘေးသင့် အမျိုးသမီးတယောက်က “အခုက ရှာစားဖို့နေရာလည်း မရှိတော့ဘူး။ အရင်က လယ်လုပ်တယ်။ ခုက လယ်လည်း လုပ်လို့မရတော့ဘူး။ ငါးရှာတာ ငါးလည်းမရဘူး။ အခုက ပြည်သူက ပေးတဲ့ဟာနဲ့ပဲ စားနေရတာပေါ့။”
ပွန်ချောင်းအနီးနားက စစ်ဘေးရှောင်စခန်းတွေမှာလည်း ရေကြီးမှုကြောင့် တဲအိမ်တွေပျက်စီးပြီး အသုံးအဆောင်တွေ ရေထဲမျောကုန်တာတွေအပြင် နာမကျန်းဖြစ်သူတွေလည်းရှိတယ်လို့ သိရ ပါတယ်။
စစ်ရှောင်စခန်းတခုမှ အမျိုးသမီးတယောက်က “မိုးရွာတော့ ရွှေ့ပြောင်းခိုင်းတာတွေ ရှိတာပေါ့နော်။ ကျမတို့အတွက်က ရွှေ့ပြောင်းရတာလည်း ခက်ခဲတယ်။ လက်ထဲမှာ ငွေသားမရှိဘူး။ ရွှေ့ပြောင်းဖို့ လူအင်အားလည်းလိုအပ်တာပေါ့။ စားစရာဆန်တွေနဲ့ အားပေးမှုတွေလည်း လိုအပ်တာပေါ့နော့” လို့ ပြောပါတယ်။
ကယားပြည်နယ်နဲ့ ဖယ်ခုံမြို့နယ်က ရေဘေးသင့် စစ်ရှောင်ပြည်သူတွေကို စစ်ရှောင်အရေးကူညီ ပေးသူတွေက ဝိုင်းဝန်းကူညီပေးနေကြပြီး အခက်အခဲဖြစ်နေတဲ့ အရေအတွက်ကများတာကြောင့် ကူညီပေးဖို့ လိုအပ်နေတာတွေလည်း ရှိနေသေးတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေဆီက သိရပါတယ်။
ကယားပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၈ ဦးထိရှိနေပြီး စစ်ရှောင်တဲ အိမ်ပျက်စိးမှုနဲ့ ရေဘေးရှောင်နေရသူအရေအတွက် စုစုပေါင်းကိုတော့ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။