လက်ရှိ မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ များစွာရှိလာရတာ ဘာကြောင့်ပါလဲ။ ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုလုပ်ဆောင်သင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ် ပါရဂူဘွဲ့ (Ph.D) တက်ရောက်နေပြီး မြန်မာနိုင်ငံမှာ ကျေးလက်ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရေးကို နှစ်ပေါင်း ၂၀ ကျော် လုပ်ဆောင်နေတဲ့ Zung Ting (ဇုန်းသိန်း) ကို DVB သတင်းဌာနမှ နော်နိုရင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - လက်ရှိ မြန်မာတနိုင်ငံလုံးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်။ ဒါက ဘာကြောင့်ဖြစ်ရလဲဆိုတာ အရင်ဦးဆုံး ပြောပြပေးပါ။
ဖြေ - “ရေကြီးတာက အခြေခံအားဖြင့်တော့ အဓိကကတော့ ကျနော်တို့ရဲ့ ပတ်ဝန်းကျင် ပျက်စီးလာတာလို့ ပြောလို့ရမှာပေါ့နော်။ အဓိက ပိုပြီးအခြေခံအကျဆုံးက သစ်ပင်ပဲပေါ့။ သစ်ပင်၊ သစ်တောတွေက သူက အရင် နဂိုကတည်းက ရှိနေတဲ့ တောတွေတောင်တွေမှာ မိုးတွေ ဘယ်လောက်ပဲပြင်းပြင်း ဒီသစ်ပင်တွေက ကာထားတယ်။ သစ်ပင်ပေါ်မှာ ဘယ်လောက်ပဲ မိုးပြင်းထန်ပါစေ ရေပေါက်တွေကျတယ်။ သစ်ပင်ဆိုတဲ့တနေရာမှာလည်း သစ်တောပြည့်ပြည့်ဝဝ ကောင်းကောင်းမွန်မွန်နဲ့ ကောင်းမွန်တဲ့သစ်တောတွေဆိုရင် တဆင့်ပြီး တဆင့် ကျတယ်။ အောက်ဆုံးမှ ဖြည်းဖြည်လေး အောက်မှာရှိတဲ့ ခြုံတွေထဲမှာ ရေရှိန်လျော့သွားပြီး ဖြည်းဖြည်းချင်းကျတယ်။ ပြီးတော့ မြေထဲစိမ့်ဝင်တယ်။ ဝင်သွားတဲ့ ရေတွေကို သစ်ပင်တွေက သေချာလေး သူ့ရဲ့ အသက်ရှင်သန်မှုအတွက် သူက စုပ်ယူ ထိန်းထားတယ်။ များရင် များသလောက် သူက စုပ်ယူတယ်။ သူ လုံးဝ မလိုလောက်တော့တဲ့ ဟာလောက်မှ မြေအောက် underground ထဲ စိမ့်ဝင်သွားတယ်။ သဘာဝဖြစ်စဉ်မှာ သစ်တောတွေက မိုးက ဘယ်လောက်ပဲ ပြင်းထန်ပါစေ သူက အဲလိုနည်းနဲ့ ကာထားပေးနေတာ။”
“အခုဟာက အားလုံးသိကြတဲ့အတိုင်းပဲ အဓိက သစ်ပင်သစ်တောတွေက တော်တော်ကို ဆိုးဆိုးဝါးဝါး ပျက်စီးတယ်။ ကျနော်တို့ ခဏခဏ ပြောကြတယ်။ အထူးသဖြင့်တော့ သယံဇာတတွေ ထုတ်တာတွေကြောင့် သစ်တောပြုန်းတီးတာက ဥပမာ ကျောက်ဆိုရင် ရာစုနှစ် သမိုင်းနဲ့တောင် ချီပြီလေ။ ကျနော်တို့ ကချင်ပြည်ဘက်က ကျောက်စိမ်းထုတ်တာ။ ကျန်တဲ့ သယံဇာတ မှန်သမျှလည်း ထုတ်နေတာ တောက်လျှောက်ပါပဲ။ ဆိုတော့ အဲလို ထုတ်တဲ့ဟာတွေ အားလုံးရဲ့ ဖြစ်စဉ်မှာ သစ်တောက အကြီးအကျယ် ပျက်စီးရတာပေါ့နော်။ အဲဒီမှာမှ သစ်ထုတ်တာကလည်း အကြီးကျယ်ပြန်ထုတ်၊ ဒါတွေကြောင့် ကျနော်တို့ သစ်ပင်တွေ သစ်တောတွေက မိုးရေကို ထိန်းပေးနိုင်တဲ့ အနေအထား မရှိတော့ဘူး။ အထူးသဖြင့် မြင့်တဲ့ အမြင့်ပိုင်းက သစ်တောတွေက မထိန်းထားနိုင်တဲ့ အခြေအနေမှာ အခုလိုမျိုး မိုးတွေ တအားရွာတဲ့အချိန်၊ ရာသီဥတုတွေ ပြောင်းလဲမှုဖြစ်စဉ်ကြောင့်လည်း မိုးက သာမန်ထက် ပိုများလာတဲ့ အချိန်မျိုးမှာ အဲဒီ စောစောက မိုးရေ တဆင့်ပြီးတဆင့် ထိန်းထားပေးတဲ့ သဘာဝနည်းအတိုင်း ဖြစ်နေတဲ့ ဖြစ်စဉ်က မရှိတော့ဘဲနဲ့ သူက တခါတည်း ဂါလံပေါင်း ထောင်၊ သောင်း၊ သိန်း ချီတဲ့ရေတွေက တခါတည်း ဝေါကနဲ အနိမ့်ပိုင်းကို ဆင်းလာတယ်။ အနိမ့်ပိုင်းဆိုတဲ့နေရာမှာ ချောင်းတွေဖြစ်မယ်၊ မြစ်တွေဖြစ်မယ်၊ အင်းတွေ အိုင်တွေဖြစ်မယ်၊ လယ်တွေဖြစ်မယ်၊ အဲဒီနေရာတွေမှာ ကျနော်တို့ တခါတည်း အချိန်တိုအတွင်း ဝုန်းဒိုင်း ဝင်ရောက်တဲ့ အချိန်မှာ ကျနော်တို့ရေ ကြီးမှု ရေလျှံမှုတွေ ဖြစ်တာပေါ့။”
မေး - မြန်မာနိုင်ငံမှာ အခု ဒီ ယာဂီမုန်တိုင်းကြောင့် မိုးများပြီး ကျမတို့နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ မြန်မာနိုင်ငံက ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်။ မုန်တိုင်းရဲ့အရှိန်ကို အနည်းဆုံး ခံစားရတယ်လို့ ပြောလို့ရပေမဲ့ ထိခိုက်မှုက ပိုပြီးများနေတဲ့သဘောမှာ ရှိတယ်။ အဲဒါ ဘာကြောင့်ဖြစ်ရတာလဲလို့ ပြောလို့ရမလဲ။
ဖြေ - “အဲဒါကလည်း သူ့ရဲ့နောက်ဆက်တွဲက ကျနော်တို့ဆီမှာ အကြောင်းအရာတွေက သိပ်များလွန်းတော့ ကျနော်တို့ ခံရတာတွေလည်း များတယ်။ စောစောက ကျနော်တို့ပြောခဲ့တဲ့ မိုးတွေများတာ ဒါက Global ပေါ့နော်။ Globe မှာကို ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ ကျနော်တို့မှာ ပုံမှန်ထက် မိုးပိုများတယ်။ နောက်တခု ကျနော်တို့ဆီမှာက စောစောက ကျနော် ပြောခဲ့တဲ့ နောက်ခံအကြောင်းအရာတွေက များတယ်။ ဥပမာ ကျနော်တို့ဆီမှာ ကျောက်တူးတာကနေ ဖြစ်တဲ့ မြေစာပေါ့၊ မြေစာကိစ္စက အရမ်းဆိုးတယ်။ မြန်မာတနိုင်ငံလုံးမှာ မြေစာတွေက နေရာတိုင်းမှာရှိတယ်။ ဥပမာ မြောက်ဖျားကနေ ကျောက်စိမ်းဆိုရင် မြေစာပုံတွေဆိုရင် နည်းနည်းနောနော မဟုတ်ဘူး။ တောင်ပုံရာပုံကြီးတွေ။ လွန်ခဲ့တဲ့အချိန်မှာ ဖားကန့်မှာ မြေပြိုပြီး လူတွေ ရာချီသေတယ်ဆိုတာ ခဏခဏဖြစ်တာ။ အခုလည်း ကျန်သေးတယ်။ ဆိုလိုတာက အဲလို မြေဇာကြီးတွေက ကျောက်တူးတာ၊ ရွှေတူးတာ၊ ပယင်းတူးတာ၊ မြေရှားတူးတာ၊ ကြေးနီတူးတာ၊ ဘော်တူးတာ၊ စသည်စသည် တူးထားတဲ့ဟာတွေ အားလုံးက ဘယ်တော့မှ စနစ်တကျ မြေစာတွေကို မပစ်ခဲ့ကြဘူး။ ဒီတိုင်းပဲ အလွယ်တကူ ချောင်းတွေမြစ်တွေ ဘေးမှာပဲ လက်လွတ်စပယ် ပစ်ထားတဲ့ဟာတွေက အခုလိုမျိုး မိုးများတဲ့အချိန်မှာ အဲဒီမြေစာတွေက အကုန်မျောတိုက်သလို တိုက်ချလာပြီးမှ နဂိုကနေ သစ်တောတွေပျက်လို့ သမိုင်းနဲ့ချီ ပျက်နေတဲ့အတွက်ကြောင့် မြစ်တွေ၊ ချောင်းတွေမှာလည်း နဂိုကတည်းက ကောနေပြီးသား၊ မြေနုန်းတွေက တင်နေပြီးသား ဖြစ်နေတဲ့အချိန်မှ အခုလို မိုးပြင်းထန်တဲ့ တချိန်မှာဆိုရင် အဲဒီမှာပဲ နောက်ထပ် ပိုဆိုးတာက ဆည်ရေလျှံတာတွေလည်း ပါမယ်၊ ဖောက်ချတာတွေလည်း ပါမယ်။ တကယ်ကို ကျိုးပေါက်သွားတာတွေလည်း ပါမယ်။ ဘယ်ဟာတွေ ဘယ်လိုဖြစ်တယ်ဆိုတာ ဘာမှ ဂဃနဏ မသိကြတော့ဘူး။ ဆိုတော့ စောစောကပြောသလို မြေစာတွေက တကြောလုံးမှာ ရှိတဲ့အခါကျတော့ မြေစာတွေက ရေကြီးခြင်းမှာ အဓိက အကြောင်းအရာတခု ဖြစ်တယ်။ အဲဒီမြေစာတွေကြောင့်လည်း ကျနော်တို့ဆီမှာ ဆိုးဆိုးဝါးဝါးခံရတာ။ ပိုပြီးမှ ပြင်းပြင်းထန်ထန် ခံရတယ်။”
“နောက်တခု ကျနော်တို့ သိပ်သတိမထားမိတဲ့ဟာက သဲတွေ ကျောက်တွေ ထုတ်တာ။ ဧရာဝတီ မြစ်ကြောင်းတလျှောက်လုံးမှာဆိုရင် ဟို မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ဟိုပင်မြို့ ဟိုးမြောက်ဖျားကနေ မန္တလေး၊ ရွှေဘို စသည်ပေါ့နော် ရန်ကုန်အထိ မြို့ကြီးတိုင်းမှာ မြို့သစ် တအားတည်ကြတယ်။ အဲဒီတည်တဲ့ မြို့သစ်တိုင်းကလည်း ချိုင့်ခွက်တွေ၊ လယ်တွေ၊ အင်းတွေမှာ မြေဖို့ပြီး တည်လိုက်ကြတာဖြစ်တယ်။ အဲဒီကလည်း လူတွေ ထည့်မပြော ထည့်မတွက်ကြတဲ့အရာ၊ တကယ်တော့ အဲဒါတွေကြောင့် စောစောက လယ်တွေဖြစ်တဲ့ နေရာတွေမှာ အခုက အိမ်တွေဖြစ်ကုန်တော့ နဂိုက ရောက်နေတဲ့ ရေလမ်းကြောင်းတွေက ပြောင်းကုန်တယ်။ ရေဆိုတာ ဘယ်မှာပဲနေနေ နောက်ဆုံးတော့ အနိမ့်ဆုံးဖြစ်တဲ့ ချောင်းတွေ၊ မြောင်းတွေကနေတဆင့် နောက်ဆုံး မြစ်ထဲရောက်တယ်။ ဆိုတော့ အဲဒီအကြောင်းအရာတွေကလည်း ကျနော်တို့ ရေကို ကြီးကြီးမားမား ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့ အကြောင်းအရာတွေပေါ့။”
မေး - သဘာဝပတ်ဝန်းကျင် သယံဇာတကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ရာသီဥတုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဘာတွေရင်ဆိုင်ရစရာရှိလဲ။ နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင် သယံဇာတတွေ ထုတ်လာခဲ့ပြီး ပြန်လည်ထိန်းသိမ်းတဲ့အပိုင်းမှာ အရမ်းအားနည်းတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုက လူတွေ မြောက်မြားစွာ ရေဘေးဒုက္ခကို ကြုံတွေ့ရတာ ဒီနှစ်ဆို နှစ် ၃၀ အတွင်း အဆိုးဝါးဆုံးလို့ ပြောလို့ရမယ်။ ဒီလိုဖြစ်နေတဲ့ အချိန်မှာ ဘာတွေ ဆက်ဖြစ်နိုင်သေးလဲဆိုတာ ဆရာမြင်လဲ။
ဖြေ - “ကျနော်တို့ အမြဲတမ်း ခဏခဏလည်း ပြောဖြစ်ကြတယ်။ နှစ်တိုင်း ဖြစ်မှာပဲ။ ပတ်ဝန်းကျင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာကိုက တိကျသေချာတဲ့ ကြောင်းကျိုးဆက်နွှယ်မှု။ ဖြစ်ကိုဖြစ်မှာ သေချာတယ်။ ကျနော်တို့က ဖျက်ထားပြီးပြီလေ။ စောစောကပြောတဲ့ မြေစာပုံတွေက အခုလည်း အများကြီးကျန်သေးတယ်လေ။ သဲတွေ၊ ကျောက်တွေ၊ အိမ်ဆောက်လုပ်ရေးအတွက်ထုတ်တဲ့ ပမာဏကလည်း နည်းနည်းနောနော မဟုတ်ဘူး။ တောင်ပုံ ရာပုံ။ ရွှေကျင်တဲ့ကိစ္စကလည်း ပြောရင်သာ လွယ်လွယ်လေး။ အထူးသဖြင့်က စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုံးဝ လက်လွတ်စပယ်။ ဘာမှ အထိန်းအကွပ်မရှိဘူး။ ဘူဒိုဇာကြီးတွေ၊ ဘက်ဟိုးကြီးတွေနဲ့ ချောင်းလယ်မှာ တည်ထားပြီး အဲဒီမှာကို နှိုက်ပြီး ရွှေတူးတာတွေ။ အဲဒီမှာ ဧရာမချိုင့်ခွက်ကြီးတွေ ဧရာမချိုင့်ခွက်ကြီးတွေ ထွက်ထားပြီးသား။ တချိန်တည်းမှာ အဲဒီကထုတ်လာတဲ့ မျောတိုက်ပြီးသား မြေစာတို့၊ ကျောက်စာတို့၊ သဲတွေပေါ့။ အဲဒါတွေလည်း သူတို့ မြစ်၊ ချောင်း ဘေးမှာပဲ ဒီအတိုင်း အလွယ်တကူ ပုံထားခဲ့တယ်။ အဲဒါတွေကို ပြန်လည်းမညှိဘူး၊ ပြန်လည်းမဖို့ဘူး။ ဆိုတော့ ဒီလို မိုးများလာတဲ့ အချိန်မျိုးမှာ ရေစီးကြောင်းတွေက ဘယ်လိုမှ မမှန်တော့ဘူး။ ရေ Level တအားမြင့်တယ်။ ဒါကြောင့် ရေကြီးမှုက ဆက်ဖြစ်နေဦးမှာ။ မိုးနည်းနည်းထပ်များတာနဲ့ ဆက်ဖြစ်ဦးမှာ။ ကျနော်တို့ ဆက်ပြီး ခံကြရဦးမှာ။ ဒါကြောင့် အရင်တုန်းကထက်စာရင် ကျနော်တို့ ပိုပြီးသတိထားရမယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စတွေ ကျနော်တို့ မျှော်မှန်းလို့မရဘူး။ သစ်ထုတ်တာလည်း အကြီးအကျယ်ဖြစ်တယ်။ ပယင်း၊ ရွှေ၊ ကျောက်၊ မြေရှား အကုန်လုံး တောက်လျှောက် အကြီးအကျယ် ပိုထုတ်ကြတယ်။ ဒါကြောင့်လည်း ထွက်လာတဲ့ ရလဒ်တွေကလည်း မြင်လာတဲ့ ဆိုးကျိုး၊ သဘာဝဘေးဒဏ်တွေကလည်း ပိုဆိုးတယ်။ ဟိုတလောက ကချင်ပြည်နယ်မှာ ဖြစ်လိုက်တာ ကြည့်လိုက်လေ၊ အချိန်တိုအတွင်းမှာ ဝုန်းဒိုင်းပဲ။ အခုလည်း ဒီလိုဖြစ်တယ်။ နောက်တခါ ထပ်ဖြစ်ဦးမယ်။ ဆိုလိုတာက ထပ်ဖြစ်လည်း ပိုပိုဆိုးဖို့ပဲ ရှိတယ်။ ဖျက်ထားတဲ့ ကိစ္စတွေက အပုံအပင်ကြီးကို ဖြစ်နေတာ။”
မေး - သဘာဝဘေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုက သိပ်မရှိဘူး။ NLD အစိုးရ လက်ထက်မှာဆိုရင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖွဲ့စည်းလုပ်ဆောင်ခဲ့တာ ကြားခဲ့ဖူးတယ်။ တကယ့်တကယ် အကောင်အထည်ဖော်ရာမှာ ဘာမှ သိပ်မရှိဘူး။ အခု သဘာဝဘေးနဲ့ ကြုံလာတဲ့အခါမှာ ပြည်သူတွေအနေနဲ့ ဘာတွေ ပြင်ဆင်သင့်သလဲ။
ဖြေ - “အဲဒါကတော့ စိတ်မကောင်းစရာပဲ။ သူတို့က ပိုအရေးကြီးတာ လုပ်နေကြရတော့ ဒီဘက်ကို ဘယ်လိုမှ မလှည့်နိုင်ကြဘူး။ ကြိုတင်ပြင်ဆင်မှု အလွန့်အလွန်ကို အားနည်းတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ဖြစ်သွားတဲ့ ရခိုင်မှာဖြစ်တဲ့ မိုချာတုန်းကလည်း သိသိကြီးနဲ့ အဲ့လိုပမာဏ ဖြစ်မယ်၊ အဲဒီလို ပျက်စီးမယ်၊ အနိမ့်ပိုင်းတွေ ရေဝင်မယ်၊ သေကျေနိုင်တဲ့ အနီရောင်အဆင့် ရှိတယ်။ စသည် စသည်ဖြင့် သေသေချာချာ သိကြတယ်။ ဒါပေမဲ့ ဘာမှကို မလုပ်နိုင်သလောက်ပဲ။ ဖြစ်ပြီးတဲ့နောက်မှာရော၊ ကြိုတင်သတိပေးချက်တွေ၊ ပြောင်းရွှေ့ပေးတဲ့ကိစ္စတွေ ဘာတခုမှ မလုပ်ပေးနိုင်ဘူး။ အခုလည်း ဒီအတိုင်းပဲ။ အခု အားလုံးမျက်မြင်ပဲ။ သူတို့တွေ မအားကြဘူးလေ။ တကယ်ကို စိတ်မကောင်းစရာပဲ။ ဒါ့ကြောင့် ကျနော်တို့ပြည်သူတွေ တကယ်အသိရှိပြီးမှ၊ တကယ်ကို လုပ်နိုင်တာ၊ ဥပမာ- ခုတလော တရွာလုံးမြုပ်သွားတယ်တို့ ဘာတို့ပေါ့။ ရွာက တကယ့်ကို တောင်ကမ်းပါး၊ လျှိုထဲမှာ အနိမ့်ပိုင်းလို့ ပြောလို့ရတာပေါ့။ အဲလိုနေရာမျိုးဆိုရင် ပြည်သူတွေကနေပဲ သတိ၊ အသိရှိပြီး တကယ်ပဲ နောက်နောင် ဆိုးဆိုးဝါးဝါးဖြစ်လာမှာ အနည်းနဲ့ အများပဲ။ ပြည်သူတွေမှာ ကိုယ့်ပြည်သူတွေပဲ ရှိတယ်ဆိုတဲ့ ဟာမျိုးပဲပေါ့။ ကိုယ်တွေပဲ လုပ်ကြရမှာဆိုတော့ ကိုယ်တွေပဲ တတ်နိုင်သလောက် ကိုယ့်နယ်မြေ၊ ကိုယ့်ရပ်ရွာအနေအထား၊ ချောင်းဘေးမှာလား၊ မြေပြိုနိုင်သလား စသည်ပေါ့။ ကိုယ့်အနေအထား ကိုယ်တိုင်ပဲ သုံးသပ်ပြီး ဒီလို ပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်မှာ သေချာတယ်၊ နောက်ထပ်ကြုံရင်လည်း ဒီလိုပဲ ဖြစ်ဦးမှာပဲ။ ဘယ်သူမှ တာဝန်ရှိတဲ့သူတွေ၊ သက်ဆိုင်တဲ့သူတွေက ထဲထဲဝင်ဝင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ခေတ်နည်းနည်းကောင်းတဲ့အချိန်မှာတောင် ဂဃနဏ မလုပ်နိုင်ကြဘူးလေ။ အဓိက ကိုယ့်ပြည်သူတွေမှာ ကိုယ်ပဲရှိတယ်။ ကိုယ့်ရပ်ရွာအသိုင်းအဝိုင်းက ကိုယ့်မြေယာအနေအထား ချောင်းနီးသလား၊ ထိပ်မှာ ရွှေမှော်ကြီးတွေ ရှိသလား ဆိုတာကတော့ သေသေချာချာ ကိုယ်တိုင် စဉ်းစားပြီး ကိုယ့်ရပ်ရွာအတွက် စည်းစည်းလုံးလုံးလုပ်ကြ၊ ကြိုတင်ပြင်ဆင်ကြရမယ်။ နောက်လည်း လာဦးမှာပဲဆိုတော့ အဲဒါကို တော်တော်လေး စိုးရိမ်တယ်။ ဝိုင်းလုပ်ကြဖို့လည်း လုပ်နိုင်ကြရင် နည်းနည်းတော့ သက်သာမယ်လေ။”
မေး - ကိုယ့်ရဲ့ရပ်ရွာ၊ ကိုယ့်ဘာသာ စည်းရုံးလုပ်ဆောင်ကြဖို့ပေါ့နော်။ ခုလို ရေဘေးကြုံလာတဲ့ အချိန်မှာ ပရဟိတသမားတွေကလည်း ကြိုးစားလုပ်ဆောင်ကြပေမဲ့ လိုအပ်မှုတွေကလည်း အများကြီး ရှိနေသေးတယ်။ တဖက်မှာလည်း ပရဟိတ လုပ်ဆောင်သူတွေကိုပါ ဖမ်းဆီး အရေးယူတာတွေ ရှိလာတော့ ပြည်သူတွေအနေနဲ့ ဘာအကျိုးဆက်တွေ ဆက်ဖြစ်လာဦးမယ်လို့ ဆရာထင်လဲ။
ဖြေ - “ကျနော်တို့ ဘာအကြောင်းပဲ ဆွေးနွေးလိုက်၊ ဘာအကြောင်းပဲ ပြောလိုက်၊ အခု ပြောသလိုပဲ မျှော်လင့်ချက်မဲ့တဲ့ အနေအထားပဲ ဖြစ်နေတော့ သတိရှိပြီးမှ စည်းစည်းလုံးလုံး လုပ်ရမယ်။ တကယ်တော့ အဲဒီလို ပြောဖို့ကလည်း အားနာဖို့ကောင်းပါတယ်။ သိပ်လည်း ပြောမထွက်ဘူး။ ဘာလို့လဲဆိုတော့ ပြေးလွှားနေရတာလေ။ ဒါကြောင့် ကျနော် ပြောချင်တာက ကိုယ့်အခြေအနေ ကိုယ်သိပြီး ကိုယ့်ပတ်ဝန်းကျင် အနေအထား ကိုယ်တိုင်သိပြီး ကိုယ့်ကွန်မြူနတီကိုပဲ အားပြုပြီး အမှန်တကယ် စည်းလုံးညီညွတ်ဖို့၊ တဖက်မှာ ပြေးလွှားနေရတယ် ဆိုပေမဲ့လည်း ဘေးဒဏ်ကို ကျနော်တို့ ရင်ဆိုင်ရမယ့် ရပ်ရွာတွေ၊ ဒေသတွေ၊ လူတွေက တကယ်ကို ထပ်ထပ်ကြုံရဦးမှာမို့လို့လေ။ ဒါကြောင့် ဘယ်နေရာမှာပဲ ဘယ်လို ပြေးလွှားနေရပါစေ၊ သဘာဝဘေးဒဏ်ကိစ္စကလည်း ကျနော်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို လုံးဝ ပျောက်ဆုံးသွားနိုင်ပါတယ်။ စစ်ပွဲတုန်းက ဘာမှမဖြစ်ဘူး၊ ကောင်းကင်ကနေ ဒီလောက်ပစ်နေတဲ့ အချိန်မှာတောင် ဘာမှမဖြစ်ဘဲ အခုလို တရွာလုံး မြေထဲမြုပ်သွားတယ် ဆိုတာမျိုးတွေပေါ့။ တခြားလည်း အများကြီးရှိသေးတယ်။ လက်လှမ်းမမီတဲ့ သတင်းတွေ အများကြီးရှိသေးတယ်။ ဒါကလည်း တော်တော်ဆိုးတဲ့ စိန်ခေါ်မှု အကြီးကြီးပဲလေ။ ဒါကြောင့် ကျနော်တို့ ဒါကိုလည်း အခက်အခဲကြားက တတ်နိုင်သလောက်တော့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့ အသက်အိုးအိမ်စည်းစိမ်ဘေး ကာကွယ်ဖို့ ကြိုတင်လုပ်နိုင်သမျှ လုပ်ကြရမယ်လို့ ပြောချင်ပါတယ်။”
မေး - ခေတ်အဆက်ဆက်က သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲခဲ့တဲ့ စစ်အစိုးရလက်ထက်၊ အာဏာရပါတီတွေ၊ တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါတယ်ပေါ့။ ခရိုနီလည်း ပါတယ်ပေါ့နော်။ အခုလိုမျိုး ရေဘေးတွေ ဆိုးဆိုးဝါးဝါး ကြုံလာရပြီ။ တာဝန်ယူမှု၊ တာဝန်ခံမှု ကူညီပေးတာတွေ ဘာမှမရှိဘူး။ ဒီအပေါ်မှာ ဆရာ ဘာပြောချင်လဲ။
ဖြေ - “အဲဒါက တော်တော်လေး အံ့ဩမိတယ်။ အခုလိုမျိုး ပဋိပက္ခအခင်းအကျင်းကြောင့် အားလုံးကလည်း တကယ်ပဲ ကူညီချင်ပေမဲ့ ပရဟိတ တကယ်ကို ကောင်းကျိုးလုပ်နေတဲ့ သူတွေတောင် ခိုးကြောင်ခိုးဝှက် ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတဲ့ အနေအထားမှာ အကျိုးအမြတ်တွေ အများကြီး သိမ်းကျုံးတဲ့သူတွေ၊ မသုံးနိုင်အောင် ချမ်းသာနေကြတဲ့ သူကြွယ်ကြီးတွေ ဒီအချိန်မျိုးမှာ တကယ်ကို ကူညီသင့်ပါတယ်။ အကြောင်းကြောင်းကြောင့်တွေကြောင့်ပဲလားတော့ မသိဘူး။ တကယ်ကို ကူညီသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ တခြားတွေလည်း ကူညီနေကြတာပဲ။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ မြင်နေကြတယ်လေ။ တအားကြီး မရှိတဲ့သူ၊ သိပ်မတတ်နိုင်တဲ့သူတွေလည်း ဝိုင်းဝန်းကူညီနေကြတဲ့အချိန်မှာ ဘာကြောင့် ဒီလောက် ကျိကျိတက် သုံးမကုန်အောင် ချမ်းသာနေတဲ့သူတွေ လှူနေတာ မတွေ့ရဘူး။ စိုးရိမ်ပြီး ကြောက်လို့ပဲ မကူတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ပြစ်မှုမဟုတ်ဘူး။ တကယ်ကို ကူညီဖို့သင့်တယ်။ နောက်နောင် ဖြစ်လာလည်း ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများ အများကြီးကို ခက်ခဲကြတယ်။ ရေကြီးမှုရဲ့ သားကောင်တွေက ဘာမှကို ကုန်းကောက်စရာ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ ကူညီပေးကြပါ။ ကူညီပေးစေချင်တယ်။ အခုထိတော့ တကယ်ကို အံ့ဩစရာ။ ကူညီတာ ဘာမှကို မတွေ့ရသေးဘူး။ ပရဟိတတွေ တဦးနှစ်ဦးလောက်ပဲ မဝံ့မရဲနဲ့ သူတို့မှာ မရှိမဲ့ရှိမဲ့ဟာတွေနဲ့ သူတို့မှာ အသက်တွေကို လိုက်ကယ်နေရတာကိုတွေ့တော့ တကယ်ကို စိတ်ထဲမှာမကောင်းဘူး။”
မေး - ဟုတ်ကဲ့ အခုနက ဆရာပြောသလို ကူညီသင့်တယ်လို့ ပြောတဲ့နေရာမှာ အထူးသဖြင့် ဘယ်နေရာတွေမှာ ကူညီသင့်လဲ။ အခု မိုးရာသီအချိန်မှာ မိုးများပြီး ရေဘေးကြုံနေရတယ်၊ လာမယ့်ရာသီတွေမှာလည်း ပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်တယ်။ အခု ရေကြီးရေလျှံမှုတွေကြောင့် မြေယာပျောက်သွားတဲ့သူတွေလည်း အများကြီးရှိတယ်။ ရွှေ့ပြောင်းနေထိုင်မှုက ဘယ်လိုတွေ ရှိလာနိုင်လဲ။ ကူညီမယ်ဆိုရင် ဘယ်လိုအခန်းကဏ္ဍက ပိုကူညီသင့်တယ်လို့ ဆရာမြင်လဲ။
ဖြေ - “သဘာဝဘေးဒဏ်မျိုးစုံ ရှိတယ်။ စစ်ပြေးနေကြတာကလည်း သဘာဝဘေးဒဏ်ပဲ။ လူလုပ်တဲ့ ဘေးဒဏ်ပေါ့လေ။ ဘယ်လိုဘေးဒဏ်မျိုးဖြစ်ဖြစ် ကူညီနိုင်တဲ့ နည်းလမ်းတွေက အပုံအပင်ကြီးပဲ။ အခု သဘာဝဘေးဒဏ်တွေဆိုလည်း အခုလိုမျိုးပေါ့။ ပင်လယ်ဝကို ရောက်နေပြီ၊ လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီ၊ ဒီဘက်ကို ရွေ့လာတော့မှာ၊ ဘယ်အချိန်ဆို ဘယ်နေရာကို ဝင်လာနိုင်တယ်၊ အတိအကျ ပြောနေတယ်။ တကယ်လည်း အဲဒီဒေသကို မှန်တယ်လေ။ ပညာရှင်တွေ ပြောခဲ့တာ အားလုံးမှန်တယ်။ အနည်းနဲ့အများ ပိုဆိုးတာနဲ့၊ မပြင်ဆင်နိုင်လို့ ပိုသေဆုံးတာနဲ့၊ ကံကောင်းထောက်မလို့ သိပ်မသေတာ၊ ဒါပဲကွာတယ်။ ဒါကြောင့် အဲဒီလိုနေရာမျိုးမှာ ကျနော်တို့ လုပ်လို့ရတယ်။ ဥပမာ- ဖိုင်ဘာလှေတွေ ဝယ်တာတို့က ဘယ်လောက်မှမခက်တာ။ ခက်တာက မပြင်ဆင်နိုင်တာ။ အဲဒီလိုမျိုး ကြိုတင်သတိပေးတာမျိုး သက်ဆိုင်ရာဌာနတွေက ပြောလာပြီ၊ အသံလွှင့်လာပြီ၊ မီဒီယာပေါင်းစုံကလည်း မဖြစ်ခင်က တောက်လျှောက် ပြောနေကြတာ။ တောက်လျှောက် ပြောနေတာပဲ။ အဲဒီအသိအပေါ်မှာ အခြေခံပြီး အများကြီး ကြိုတင်ပြင်ဆင်လို့ရတယ်။ ကြိုတင်ပြင်ဆင်တဲ့နေရာမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေကို ကျနော်တို့ စောစောကပြောတဲ့ လူကြီးလူကောင်းများ အများကြီး ပါဝင်နိုင်ပါတယ်။”
မေး - တခြား ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ - “ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ပျက်စီးမှုက သူများနိုင်ငံနဲ့ မတူဘူး။ ကျနော်တို့ဆီမှာ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက သိပ်ကိုများလွန်းတယ်။ လက်နက်ကိုင်ပဋိပက္ခ ဆိုတာကလည်း နှစ်ပေါင်း ၇၀-၈၀ အရမ်းကို ကြာမြင့်ခဲ့ပြီ။ အဲဒီပဋိပက္ခကြောင့်ပဲ ကျနော်တို့ရဲ့ သယံဇာတတွေ၊ သဘာဝ တောတောင်တွေ၊ သစ်တွေ ပျက်စီးတာ အားလုံးသိတယ်။ အဲဒါက တကယ်ကို ဖွတ်ဖွတ်ကြေအောင် ပျက်စီးတာဖြစ်တယ်။ အဲဒီလောက် ပျက်စီးထားတာက ဒီလို မိုးတွေ၊ တိုင်ဖွန်းတွေ၊ သဘာဝဘေးဒဏ်တွေ ဒီလိုတွေက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဒါတွေက လာကိုလာမှာ။ သူက သူ့ရာသီအလိုက်ပဲ။ နွေရာသီဆိုရင် ခြောက်သွေ့မှု၊ ရေချိုပြတ်တောက်မှု၊ ရေခန်းခြောက်မှု၊ အပင်သေတာ၊ တိရစ္ဆာန်တွေ သေတာ၊ အပူလိုင်းဖြတ်ပြီး လူတွေ အပူရှပ်ပြီး သေတာ၊ စသည်စသည်ဖြင့် ဒီ သဘာဝဘေးဒဏ် တမျိုးပြီးတမျိုး တောက်လျှောက်လာမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုတွေက တကယ်သက်ဆိုင်တဲ့သူတွေ၊ တကယ် တာဝန်ရှိတဲ့သူတွေ၊ ဘာမှလုပ်မပေးနိုင်တာ ကျနော်တို့ နဖူးတွေ့ ဒူးတွေ့ တွေ့ကြပြီ။ အသက်တွေ၊ ဘဝတွေ အကုန်လုံးဆုံးပြီး ကျနော်တို့ သင်ခဲ့ကြရပြီ။ သင်ယူခဲ့ကြပြီဆိုတော့ ဒါကို ကျနော်တို့ သေသေချာချာ တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ပြီးတော့ ဒီဟာတွေကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားကြပါ၊ သတိရှိကြပါ။ ကျနော်တို့ကိုယ် ကျနော်တို့ပဲ ကာကွယ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ် ဆိုတာကိုပဲ ပြောချင်ပါတယ်။ သတိပေးချင်ပါတယ်။ အားလုံး ဘေးအန္တရာယ်ကနေ အကုန်လုံး လွတ်မြောက်ကြပါစေ။”
ကျေးဇူးတင်ပါတယ်။