Home
မြန်မာသတင်း
ရှမ်းတောင်တွင် ရေကြီး မြေပြိုမှုကြောင့် ၁၄၀ ခန့်သေဆုံး၊ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
September 19, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ် ၁၀ မြို့နယ်မှ ရေကြီးပြီး မြေပြိုမှုအတွင်း ပြည်သူ အ‌ယောက် ၁၄၀ လောက် သေဆုံးပြီး အဆောက်အအုံပျက်စီးမှု ၁,၀၈၁ လုံး ရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းတောင်ရှိ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ဆီဆိုင်၊ မိုးဗြဲ၊ ဟိုပုံး၊ မောက်မယ် စတဲ့မြို့တွေမှာ ရေကြီး၊ တောင်ပြို၊ မြေပြိုတာတွေ စက်တင်ဘာ ၁၀ ရက်ကစပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ သေဆုံး ပျောက်ဆုံးတာနဲ့ နေအိမ်တွေ ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူ မနန်းက “သေဆုံးသူ အချက်အလက်နဲ့ ပတ်သက်ပြီး PYO လည်း အသေးစိတ် ကောက်ယူနိုင်တာမျိုး မရှိဘူး။ သေဆုံးပုံစံ အများဆုံးတွေ့ရတာက ရုတ်တရက်ကျလာတဲ့ တောင်ကျရေနဲ့အတူ မျောပါသေဆုံးကြရတာ တွေ့ရပါတယ်။ မြို့နယ် ၁၀ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅၀ - ၃၀၀ ကြား ရှိပါတယ်။ ၂၅၀ - ၃၀၀ ကျေးရွာက ရေလွှမ်းခြင်းခံရတဲ့ဒေသ အပါအဝင် မြေပြို၊ တောင်ပြိုတာကို ရင်ဆိုင်ကြရတဲ့ဒေသ ပါဝင်ပါတယ်” လို့ ပြောပါတယ်။

မြေပြင်မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာ၊ ဖုန်းလိုင်း ဖြတ်တောက်ခံရတာတို့ကြောင့် အရေးပေါ် ကူညီ ကယ်ဆယ်ရေးတွေ မရရှိကြဘဲ လက်ရှိအထိ ရေဘေးသင့်ဆဲ ကျေးရွာပေါင်း ၂၀၀ နဲ့အထက် ရှိနေဆဲဖြစ်ပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ ပြောပါတယ်။

မနန်းက “ပြည်လည်ထူထောင်ရေး မဖော်ဆောင်နိုင်မီ ကြားကာလတခုအတွင်း လိုအပ်တဲ့ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာ၊ အဝတ်အထည်၊ တကိုယ်ရည် အသုံးအဆောင် စတဲ့ ကူညီထောက်ပံ့မှုတွေ ဒေသခံပြည်သူတွေ အများကြီး လိုအပ်ကြတယ်။ တချို့နေရာဒေသက ရေဘေးသင့်ပြည်သူတွေ၊ စစ်ဘေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေ ဖြစ်ကြတဲ့အတွက် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေကြပါတယ်။ ရေကြီးပြီး နောက်ဆက်တွဲ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း သတိထားဖို့ အင်မတန် အရေးကြီးပါတယ်။ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ရှမ်းတောင်ရေကြီးမှု မြေပြိုမှုအတွင်းမှာ လူ ၁၄၀ သေဆုံးတဲ့အပြင် မြေပိတာနဲ့ ရေထဲ မျောပါသွားသူ ၁၀၀ နီးပါးလည်း ဒီနေ့ထိ မတွေ့သေးဘဲ ပျောက်ဆုံးနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013