ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ ထပ်မံမြင့်တက်လာတာကြောင့် ဘီလူးချောင်းအနီးနားက ရပ်ကွက်တွေရဲ့ နေအိမ်တွေ ရေမြုပ်နေတယ်လို့ ဒေသခံတယောက်က စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
“လွိုင်ကော်မြို့ လက်ရှိအခြေအနေကတော့ မြို့လယ်ကောင်ထိပါ ရေဝင်ရောက် ရေကြီးနေပါပြီ။ အခုက ရေဘေးရှောင်အနေနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ရေနည်းနည်းလွတ်တဲ့ နေရာတွေမှာ သွားနေကြပါတယ်။”
စက်တင်ဘာ ၁၁ ရက်ကစပြီး အခုချိန်ထိ မိုးရွာသွန်းတာ၊ ဖယ်ခုံအင်းက ရေတွေနဲ့ မိုးဗြဲရေကာတာကို စက်တင်ဘာ ၁၆ ရက်မှာ ထပ်မံဖွင့်ချမှုတွေကြောင့် ဘီလူးချောင်း တလျှောက်ကို ရေဝင်ရောက်မှု မြင့်တက်လာတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးသူတယောက်က “လွိုင်ကော်က ရေကြီးတဲ့နေရာ တော်တော်များများက စစ်ကောင်စီတပ်တွေရှိနေတော့ ကျနော်တို့ အတိအကျ သေသေချာချာတော့ မသိရဘူး။ ဘီလူးချောင်းက လွိုင်ကော်မြို့လယ်ကို ဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် ချောင်းဘေးက ရပ်ကွက်တွေ ရေပိုမြုပ်တာပေါ့နော်” လို့ ပြောပါတယ်။
လွိုင်ကော်မြို့ရဲ့ စျေးပိုင်း၊ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ မင်းစု၊ နမ့်ကွတ်၊ ရွှေတောင်၊ မှုံပြာ၊ ဒေါတမ ရပ်ကွက်တွေမှာ နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ သိရပြီး ရေစတင်ဝင်ရောက်နေတဲ့ ရပ်ကွက်တွေလည်း များလာတယ်လို့ သိရပါတယ်။
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် နေအိမ်တွေထဲ ရေဝင်ရောက်နေပြီး ထိခိုက်ပျက်စီးတာတွေ ရှိပေမဲ့ ပျက်စီးမှု အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လွိုင်ကော်မြို့က ရေဘေးနဲ့ စစ်ဘေး ယှဥ်တွဲနေတဲ့မြို့ ဖြစ်တဲ့အတွက် စစ်ရှောင်အရေး ကူညီပေးသူတွေအနေနဲ့ ကူညီပေးဖို့ အခက်အခဲတွေရှိနေပြီး နေရပ်ပြန်နေထိုင်နေတဲ့ ပြည်သူတချို့မှာလည်း အခက်အခဲတွေရှိနေကာ ပြည်သူအချင်းချင်း ပြန်လည်ကူညီတာ တချို့တော့ ရှိတယ်လို့ သိရပါတယ်။