Home
ဆောင်းပါး
ကမ္ဘာကြီးက မေ့သွားသော သတင်းများ
DVB
·
September 17, 2024

အလုပ်သဘောအရ နိုင်ငံတကာသတင်းတွေကို တာဝန်ယူခဲ့ရဖူးတော့ “သဘာဝဘေးသတင်း” (Disaster news) တွေကို မကြာခဏဆိုသလို ထိတွေ့ရပါတယ်။ မီးလောင်တယ်၊ ရေကြီးတယ်၊ ငလျင်လှုပ်တယ်၊ မြေပြိုတယ်၊ မုန်တိုင်းကျတယ်၊ ရေကြီးတယ် ဆိုတာတွေက တနှစ်အတွင်း မကြာခဏဆိုသလို ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ဖြစ်ပွားတတ်လို့ ဒီအကြောင်းအရာတွေကို မဖြစ်မနေ ဖော်ပြကြရတယ်။ တခါတရံ ပြင်းထန်တဲ့ မုန်တိုင်း၊ တခါတရံ ပြင်းထန်တဲ့ငလျင်၊ တခါတရံ လူပေါင်း ထောင်သောင်းချီ သေဆုံးရတဲ့ သဘာဝဘေးဆိုးတွေလည်း မကြာခဏဆိုသလို ကမ္ဘာကြီးရဲ့ တနေရာမဟုတ် တနေရာမှာ ဖြစ်နေကြတာပဲ။ တခုတော့ ရှိတာပေါ့။ ဒီသဘာဝဘေးဆိုးက ဟိုး အမေရိကလိုနေရာမျိုး၊ အာဖရိကလိုနေရာမျိုး၊ လက်တင်အမေရိကလို နေရာမျိုးမှာ ဆိုရင်တော့ ကိုယ်နေတဲ့အရပ်နဲ့ ဝေးကွာလို့ ဘယ်လောက်ပဲ လူတွေသေသေ၊ ပျက်စီးဆုံးရှုံးမှုတွေများများ သိပ်ဂရုတစိုက် မဖြစ်တတ်ကြသလို သတင်းတွေကိုလည်း ဖတ်ပြီး သိပ်မကြာခင် မေ့သွားတတ်ကြတာပဲ။ လူဆိုတာမျိုးက ကိုယ်နဲ့နီးမှ၊ ကိုယ့်မျက်စိရှေ့မှောက်မှာ တကယ်ကြုံရမှ ဒုက္ခကို ဒုက္ခရယ်လို့ သတိပြုတတ်ကြတာ မဟုတ်လား။

သိပ်မကြာသေးခင် ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က ပါပူဝါနယူးဂီနီနိုင်ငံမှာ ကြီးမားတဲ့ မြေပြိုမှုကြီးတခု ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂,၀၀၀ ကျော် မြေကြီးအောက်ရောက် အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီဖြစ်ရပ်ဟာ ဆင်းရဲတဲ့ ပါပူဝါနယူးဂီနီနိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ ဖြစ်ပွားခဲ့လို့ ကမ္ဘာကြီးက သိပ်သတိမထားမိလိုက်ကြဘူး။ ဘောလုံးကွင်း လေးကွင်းစာ အကျယ်ရှိတဲ့ မြေပြိုကျမှုအတွင်း အိမ်ခြေ ၁၅၀ ရှိတဲ့ ရွာတရွာလုံး မြေကြီးအောက် ရောက်သွားသလို မြေပြိုမှုကြောင့် အဲဒီနေရာကို ဆက်သွယ်ထားတဲ့ အဝေးပြေးကားလမ်းလည်း ပြတ်တောက်သွားတယ်။ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်ကို ကမ္ဘာ့သတင်းတွေမှာ ဖော်ပြကြပေမဲ့ လူအတော်များများ သိပ်သတိမထားမိဘဲ သိပ်မကြာခင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။

တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလားမသိ။ မနှစ်တုန်းက ၂၀၂၃ စက်တင်ဘာလ ၁၀ ရက်နေ့က လစ်ဗျားနိုင်ငံမှာ အခု မြန်မာပြည်မှာ ကြုံရသလိုမျိုးပဲ ပြင်းထန်တဲ့ ဒန်နီယယ်မုန်တိုင်း ဝင်သွားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရုတ်တရက် ရေလွှမ်းမိုး၊ ဆည်ကြီးနှစ်ခု ကျိုးပေါက်သွားလို့ လစ်ဗျားအရှေ့ပိုင်းက ဒါနာမြို့တမြို့လုံး ရေလွှမ်းမိုးသွားပြီး လူပေါင်း ၅,၀၀၀ ကျော် သေဆုံးသွားတဲ့ သဘာဝဘေးဆိုးကြီးတခု ဖြစ်သွားခဲ့တယ်။ လစ်ဗျား ရေလွှမ်းမိုးမှုဟာ ပြီးခဲ့တဲ့နှစ်မှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်သလို သမိုင်းတလျှောက် အာဖရိကမြောက်ပိုင်းမှာ အဆိုးရွားဆုံး ရေကြီးမှုလို့ ဆိုတယ်။

ဒီရေလွှမ်းမိုးမှုဖြစ်စဉ်က အခု ယာဂီမုန်တိုင်း မြန်မာနိုင်ငံကို အဖျားခတ် ဝင်ရောက်သလိုမျိုးပဲ ဂရိကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး လစ်ဗျားကို ဝင်ရောက်လာတဲ့ မုန်တိုင်းပါ။ ဒန်နီယယ်လို့ ခေါ်တွင်တဲ့ ဒီမုန်တိုင်းအရှိန်ကြောင့် သာမန်အားဖြင့် မိုးအနည်းငယ်သာ ရွာတတ်တဲ့ လစ်ဗျားအရှေ့မြောက်ဘက်မှာ ရုတ်တရက် မိုးကြီးသည်းထန်စွာ ရွာသွန်းပြီး ဒါနာတမြို့လုံး ရေလွှမ်းသွားတာပါ။ ရေလွှမ်းမိုးမှုကို ထပ်ဆောင်းပေးလိုက်တာက မြို့ကို ရေပေးနေတဲ့ ဆည်ကြီးနှစ်ခု ကျိုးပေါက်သွားခဲ့တာပါပဲ။ မြို့သက်တမ်းတလျှောက် တကြိမ်တခါမှ မကြုံဖူးတဲ့ ဒီရေလွှမ်းမိုးမှုအတွင်း လူပေါင်း ၅,၀၀၀ ကျော် သေဆုံးပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် ပျောက်ဆုံးကာ အဆောက်အအဦ တိုက်တာအားလုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်။

လစ်ဗျား ရေလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ လခြမ်းနီအဖွဲ့၊ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလက်အောက်ခံ ယူနီဆက်တို့က အကူအညီပေးဖို့ ကြိုးစားကြပေမဲ့ ထိရောက်မှု မရှိလှဘူးလို့ ဆိုတယ်။ ဆယ်စုနှစ်တခုကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် လစ်ဗျားမှာ အစိုးရအဖွဲ့ နှစ်ဖွဲ့ ဖြစ်နေတယ်။ ကုလသမဂ္ဂက ထောက်ခံအားပေးတဲ့ အဗ္ဗဒူဟာမစ် ဒီဘိုင်ဘာ ဦးဆောင်တဲ့ လစ်ဗျား (GNU) Government of National Unity အစိုးရက ထရစ်ပိုလီမြို့မှာ ရုံးထိုင်ပြီး လစ်ဗျားအနောက်မြောက်ကို အုပ်ချုပ်တယ်။ ဗိုလ်ချုပ် ခါလီဖာဟက်ဖ်တာရဲ့ လစ်ဗျားအမျိုးသားတပ် (LNA) နဲ့ အိုစမာဟာမက် ဦးဆောင်တဲ့ လွှတ်တော်အစိုးရက အရှေ့ဖျားဒေသကို အုပ်ချုပ်တယ်။ ရေလွှမ်းမိုးမှုဖြစ်ပွားတော့ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဒီဒေသမှာ အရေးပေါ်ကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက် ချက်ချင်းမလုပ်နိုင်ခဲ့ဘူး။ ဆည်ကြီးနှစ်ခု ကျိုးပေါက်သွားရတာကလည်း ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့လို့ ဆိုတယ်။ အရှေ့ဘက်ပိုင်း ဒါနာမြို့တမြို့တည်းမှာတင် လူပေါင်း ၆၀,၀၀၀ ပျောက်ဆုံးသွားတယ်။ တကြိမ်တခါမှ ဒီလောက် သည်းထန်များပြားတဲ့ မိုးရွာသွန်းမှု မကြုံဘူးတဲ့ ဒီဒေသဟာ ရုတ်တရက် ရေလွှမ်းမိုးမှု (Flash flood) နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ပျက်စီးဆုံးရှုံးမှု ပိုမိုကြီးမားခဲ့တယ်။ ဒါနာဆေးရုံရဲ့ ရင်ခွဲရုံမှာ လူသေအလောင်းတွေ ပုံနေပြီး ရေကျပြီးတဲ့နောက် နေရာအနှံ့မှာ အလောင်းတွေ ပေါ်နေခဲ့တယ်။

လစ်ဗျား ရေလွှမ်းမိုးမှုသတင်းဟာ တပတ်လောက် နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြကြပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ မှေးမှိန်သွားခဲ့တယ်။ ဒီသတင်းကို ဖတ်ရှုရချိန်မှာ လူအတော်များများ အထိတ်တလန့် ဖြစ်ခဲ့ကြပေမဲ့ ဟိုး လစ်ဗျားမှာဖြစ်တဲ့ ကိစ္စဆိုတော့ ကြာတော့လည်း မေ့သွားကြတယ်။

အခု ဖိလစ်ပိုင်၊ တရုတ်တောင်ပိုင်း ဟိုင်နန်ကျွန်း၊ ဗီယက်နမ်၊ လာအို၊ ထိုင်းမြောက်ပိုင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းဝင်ရောက်သွားတဲ့ ယာဂီ မုန်တိုင်းဟာ အရှေ့တောင်အာရှကို ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းတွေအနက် အပြင်းထန်ဆုံး မုန်တိုင်းတခုလို့ ဆိုတယ်။ ယာဂီ ဆိုတာက ဂျပန်အမည်ဖြစ်ပြီး နက္ခတ်အမည် Capricornus (ဆိတ်) လို့ အမည်ရတယ်။ ဖြတ်သန်းသွားခဲ့တဲ့ လမ်းကြောင်းတလျှောက် လူသန်းပေါင်းများစွာ ထိခိုက်ခံရပြီး ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေအမြောက်အမြား ရေကြီးနစ်မြုပ်ခဲ့သလို လမ်းတွေ၊ တံတားတွေ၊ လူနေအိမ်တွေ၊ စက်ရုံတွေ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့တယ်။ စတင်ဖြတ်သန်းခဲ့တဲ့ ဖိလစ်ပိုင်မှာ ထိခိုက်ဆုံးရှုံးမှု နည်းပေမဲ့ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်မြောက်ပိုင်း၊ လာအို၊ ထိုင်းမြောက်ပိုင်း၊ မြန်မာပြည်အလယ်ပိုင်းတို့မှာတော့ ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့တယ်။

အထူးသဖြင့် မုန်တိုင်းနဲ့ ပက်ပင်းတိုးတာ ဗီယက်နမ်မြောက်ပိုင်းပါ။ ဟနွိုင်းမြို့တော်မှာ သစ်ပင်ကြီးတွေ အမြစ်က ကျွတ်ထွက်ပြီး အဆောက်အဦတွေ ပျက်စီးသလို ရေလွှမ်းမိုးမှုနဲ့ ရုတ်တရက် မြေပြိုမှုကြောင့် လူသေဆုံးမှုတွေနဲ့အတူ လမ်းတွေ၊ တံတားတွေ အပျက်အစီး များခဲ့တယ်။ ဗီယက်နမ်က တက်လာတဲ့ ဗီဒီယိုဖိုင်တခုမှာ မြစ်ကူးတံတားကြီးတစင်း ရုတ်တရက် ကျိုးကျသွားတာကို ကြောက်ခမန်းလိလိ တွေ့မြင်ရသလို လာအိုနိုင်ငံ၊ ဗီယင်ကျန်း မြို့တော်မှာလည်း မကြုံစဖူး မဲခေါင်မြစ် ရေလျှံလို့ ရေကြီးနစ်မြုပ်နေတာ တွေ့ရတယ်။ ဗီယက်နမ်နိုင်ငံမှာ သေဆုံးသူ ၂၂၅ ဦးလို့ တရားဝင်ကြေညာထားတာ တွေ့ရပြီး ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာလည်း မြို့တွေ ရေကြီးနစ်မြုပ်နေတာ တွေ့ရတယ်။

ယာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့တာတော့ မြန်မာနိုင်ငံပဲ ဖြစ်တယ်။ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အရှေ့ဘက်က ဝင်ရောက်လာတဲ့ ယာဂီမုန်တိုင်းအရှိန်နဲ့ မကြုံစဖူး ရွာသွန်းတဲ့ မိုးဟာ အရင်က အဲဒီလောက် မိုးရေချိန်များများ ရွာလေ့မရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလော၊ အောင်ပန်း၊ ရမည်းသင်း၊ မြစ်ငယ်၊ ကျောက်ဆည် အစရှိတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကို ရောက်ရှိပြီး မကြုံစဖူး ရေကြီးနစ်မြုပ်၊ မြေပြိုမှုတွေ ဖြစ်ခဲ့ရတယ်။ ခုချိန်ထိ ယာဂီမုန်တိုင်းရဲ့ အရှိန်ဟာ မြစ်အောက်ပိုင်းဒေသတွေကို ဆက်ပြီး ရိုက်ခတ်နေတုန်းပါပဲ။

ဝမ်းနည်းစရာအကောင်းဆုံးက ခုလို ရုတ်တရက် ရေကြီးမှု (Flash flood) နဲ့ မကြုံဖူးခဲ့တဲ့ သာယာလှပတဲ့ ကလောမြို့ကလေးမှာ ပျက်စီးဆုံးရှုံးမှု များခဲ့ပြီး လူအမြောက်အမြား အသက်ဆုံးရှုံးသွားရတဲ့ အဖြစ်ပါ။ ကလောတမြို့တည်းသာ မကပါဘူး။ ရမည်းသင်းမှာ၊ တပ်ကုန်းမှာ၊ အခု အင်းလေးကန်မှာ ရေကြီးနစ်မြုပ်မှု ခံစားနေရလို့ ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ တတ်အားသရွေ့ လုပ်ဆောင်နေကြတာ တွေ့ရတယ်။ ယာဂီမုန်တိုင်းကြောင့် သေဆုံးသွားရသူတွေထဲမှာ မြန်မာနိုင်ငံက အများဆုံးလို့ နိုင်ငံတကာက ထုတ်ပြန်တဲ့ စာရင်းအရ သိရတယ်။ ဗီယက်နမ်မှာ၊ လာအိုမှာ၊ ထိုင်းမှာ တပြိုင်နက်တည်း မုန်တိုင်းနဲ့ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားရပေမဲ့ မြန်မာနိုင်ငံလောက် လူ့အသက် အသေအပျောက် မရှိတာလည်း တွေ့ရတယ်။ ထိတ်လန့်စရာ သဘာဝဘေးဒဏ် မြင်ကွင်းတွေ၊ ကြောက်မက်ဖွယ် ရေစီးထဲက ပျက်စီးသွားတဲ့ နေအိမ်တွေ၊ မော်တော်ကားတွေ၊ လမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရေဘေးဒုက္ခသည်တွေရဲ့ သတင်းတွေကို ဆိုရှယ်မီဒီယာများပေါ်မှာ ဒီရက်ထဲ မမြင်ချင်အဆုံး မြင်နေရတယ်။

သဘာဝဘေးဆိုးတွေက ကမ္ဘာအရပ်ရပ် တနေရာမဟုတ် တနေရာ၊ တချိန်မဟုတ် တချိန်မှာ ဖြစ်နေကြတာပဲလေ။ လူဆိုတာက ကိုယ့်ဒုက္ခမှ ဒုက္ခလို့ ထင်နေတတ်ကြတာ မဟုတ်လား။ ကြာတော့လည်း ဒီအဖြစ်အပျက်တွေကို ကမ္ဘာကြီးရဲ့ ခပ်ဝေးဝေးနေရာကလူတွေ မေ့သွားကြမယ် ထင်ပါတယ်။

CWM

(ref: Typhoon Yagi: Asia's most powerful storm submerges parts of Vietnam and Thailand. And other international news. Photo credit: Reuters,cnn,SMP,AP)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013