Home
မြန်မာသတင်း
တောင်ငူမြို့ပေါ် ရေကြီးမှုတွင် ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိ 
DVB
·
September 17, 2024
Photos - တောင်ငူမြို့ခံ
Photos - တောင်ငူမြို့ခံ
Photos - တောင်ငူမြို့ခံ
Photos - တောင်ငူမြို့ခံ

ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ကို စစ်တောင်းမြစ်ရေ ဝင်ရောက်ပြီး ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်အတွင်းကနေ ရေနစ်သေဆုံးသူ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့  ကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေတဲ့ ပရဟိတအဖွဲ့၀င်တယောက်က “တောင်ငူမြို့ရဲ့ အရှေ့ဘက်ခြမ်းက စစ်တောင်းမြစ်ကမ်းနဲ့နီးတဲ့ ရပ်ကွက် ၂၃ ထဲမှာ ရေနည်းနည်းကျသွားလို့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ရင်း ရုပ်အလောင်း ၇ လောင်း တွေ့ခဲ့ရတာပါ။ မြို့ခံတွေနဲ့ ကျနော်တို့တွေ ပူးပေါင်းပြီး အခက်အခဲတွေကြားထဲက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ တချို့ ပြည်သူတွေက ကိုယ့်အသက်ထက် ပစ္စည်းဥစ္စာကို ပိုပြီးတန်ဖိုးထားကြတာတွေလည်း တွေ့ရတယ်ဗျ” လို့ ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ရေတက်လာနိုင်လို့ မြစ်ကမ်းနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကြိုတင်ရွှေ့ပြောင်းကြဖို့ မြို့ခံပရဟိတအဖွဲ့တွေက သတိပေးတာတွေ ကြိုတင်‌ဆောင်ရွက်ခဲ့ပေမဲ့ ပြည်သူတွေဘက်က လိုက်နာမှုအားနည်းခဲ့တယ်လို့လည်း ပရဟိတအဖွဲ့ဝင်က ဆက်လက်ပြောပြပါတယ်။

ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေရဲ့ အချက်အလက်တွေအတွက် စစ်ကောင်စီလက်အောက်ခံ မြို့နယ်ကျန်းမာရေးဌာနက ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာသွန်းတဲ့အတွက် စစ်တောင်းမြစ်ရေ မြင့်တက်လာပြီး တောင်ငူမြို့ပေါ်က ရပ်ကွက်တွေထဲအထိ မြစ်ရေ ၀င်ရောက်ခဲ့ကာ အကြီးအကျယ် ရေနစ်မြုပ်သွားတဲ့ ရပ်ကွက် ၂၃ အတွင်းကနေ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းအထိ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိခဲ့တာပါ။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ တောင်ငူမြို့ခံတယောက်က “ကျနော်တို့ တောင်ငူသမိုင်းမှာ အခုလို ရေကြီးတာ ဘယ်တုန်းကမှ မကြုံခဲ့ဘူး။ ရပ်ကွက်တိုင်းလိုလို ရေနစ်တယ်။ ရေဘေးသင့်ပြည်သူတွေအတွက်ကတော့ မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၃၆ ခု ဖွင့်လှစ်ထားပါတယ်။ အဲဒီကယ်ဆယ်ရေးစခန်းတွေမှာ ရေဘေးသင့်လူဦးရေ သောင်းဂဏန်းလောက် ရှိမယ်။ သူတို့အတွက် အကူအညီတွေ အများကြီးလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ရေဘေးသင့်ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့တွေကို တားဆီးပိတ်ပင်တာတွေ၊ သွားလာမှုနေရာ ကန့်သတ်တာတွေအပြင် အသက်ကယ်လှေတွေကို တားဆီး ချောဆွဲတာတွေ ပြုလုပ်နေတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024