Home
မြန်မာသတင်း
ပုံးအင်းဒေသရှိ ရွာပေါင်း ၆၀ ကျော်ရေလွှမ်းပြီး လူထောင်ချီ စားနပ်ရိက္ခာ အရေးပေါ် လိုအပ် 
DVB
·
September 16, 2024

ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး မြို့နယ် ၃ ခုထဲ ပါဝင်တဲ့ ပုံးအင်းဒေသမှာ တတိယအကြိမ်မြောက် ရေပြန်ကြီးနေပြီး ရွာပေါင်း ၆၀ ကျော်ရေလွှမ်းနေလို့ လူပေါင်း ၁၀၀၀ ကျော်  စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေပါတယ်။

ပုံးအင်းဒေသမှာ ပြီးခဲ့တဲ့ ဇွန်လက တကြိမ်၊ ဩဂုတ်လက တကြိမ်၊ အခုစက်တင်ဘာထဲမှာလည်း ရေထပ်ကြီးလာလို့ ၃ ကြိမ်မြောက် ရေကြီးနေကြောင်း၊ ဒီတခေါက်က ပိုဆိုးပြီး ရေလွှမ်းတဲ့ ဧရိယာလည်း ကျယ်ပြန့်၊ ပိုပြီးတော့လည်း မြင့်တက်တာကြောင့် လူတွေ ရွှေ့ပြောင်းနေထိုင်ရပြီး စားနပ်ရိက္ခာလည်း အခက်အခဲဖြစ်နေတာလို့ ပုန်းအင်းဒေသ ဆမ်ဆဲန်ရွာဇာတိ ဆရာတော် ဦးကောဝိဒက DVB ကို မိန့်ပါတယ်။

“ပုန်းအင်းဒေသက ဒယ်အိုးပုံစံလို ဖြစ်နေတယ်။ အဓိကက မိုးရွာတဲ့ခါ ရေတွေကို ခံထားသလိုဖြစ်တော့ ရေကြီးရေလျှံ ဖြစ်တာပဲ။ အရင်ခေါက်တွေတုန်းက အနိမ့်ပိုင်းရွာတွေပဲ ရေမြုပ်တယ်။ ဒီတခေါက်တော့ အမြင့်ပိုင်းက အိမ်တွေလည်း မြုပ်တယ်။ ပုံးအင်းဒေသကြီး တခုလုံးပဲ။ စက်တင်ဘာ ၁၀ ရက်နေ့ကစကြီးတာ ၅ ရက်ကျော် ၆ ရက်ထဲမှာ ရေက ခေါင်မိုးထိရောက်တဲ့ အိမ်တွေ အကုန်လုံး ကုန်းမြင့်ပေါ်က ဘုန်းကြီးကျောင်းနဲ့ နှစ်ထပ်အိမ်တွေမှာ ပြောင်းနေရတယ်။ သူတို့စပါးကျီထဲက စပါးတွေလည်း‌ ရေထဲမြုပ်ကုန်လို့ စားစရာဆန်တောင် မရှိတော့ဘူး။”

ပုံးအင်းဒေသရဲ့ အဓိကအလုပ်အကိုင်မှာ လယ်ယာလုပ်ငန်းဖြစ်ပြီး စပါးခင်းတွေ အကုန်ရေနစ်နေကြောင်း၊ ပထမအကြိမ်က စပါးနှံတွေထွက်ကာစ ရေမြုပ်ခံလိုက်ရလို့  ဩဂုတ်လမှာ ပြန်စိုက်ကြတယ်၊ ပျိုးနုတ်ကောက်စိုက်ထားတာ မကြာသေးဘဲ ရေထပ်ကြီးတော့ အပင်တွေ သေကုန်တယ်၊ ဒေသတခုလုံး စပါးပဲစိုက်တော့ အခုလို အခင်းတွေ ရေထဲပါသွားတော့ ရေရှည်အတွက်လည်း ခက်ခဲသွားပြီလို့ ဆိုပါတယ်။

နောင်ဇန့်ကျေးရွာက လူငယ်ခေါင်းဆောင် စိုင်းသီဟကလည်း “အခုလို စပါးခင်းတွေ ရေမြုပ်ကုန်တော့  ရွာသားတွေဟာ လက်ရှိ စပါးပင်တွေလည်း ဆုံးရှုံးတယ်၊ စပါးစိုက်ဖို့ အစိုးရဆီ ထုတ်ထားတဲ့ အမတော်ကြေးငွေတွေလည်း ပြန်မဆပ်နိုင်တော့ဘူး၊ နောက်ထပ် ပြန်စိုက်ဖို့လည်း အရင်းအနှီး မတတ်နိုင်တော့ဘူး၊ တနှစ်လုံး စားဖို့ စပါးတွေလည်း မရှိတော့ဘူး”လို့ DVB ကို ပြောပါတယ်။

ပုန်းအင်းဒေသမှာ အသုံးတော်၊ နားဟီး၊ ကက္ကူ (နမ့်တဘက်ချောင်းအနောက်ကမ်း)၊ ပေါင်းစင်း၊ နမ့်ခုတ်၊ ကုန်းကျိုင်း၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဉ် စတဲ့  အုပ်စု  ၉ စုရှိပြီး ကျေးရွာပေါင်း ၆၂ ရွာ ရှိတယ်၊ အဲဒီရွာတွေဟာ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေထဲ ပါဝင်ပြီး တောင်ကြီးမြို့နယ်ထဲ ပါဝင်တဲ့ စပါးစိုက်ဧကပေါင်း ၃၁၆ ဧက ပျက်စီးဆုံးရှုံးတယ်၊ နောက်မြို့နယ် ၂ ခုထဲမှာတော့ သူလည်းစာရင်းကောက်တဲ့ထဲမပါလို့ မသိရဘူးလို့ စိုင်းသီဟက ပြောပါတယ်။ 

ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုအကူအညီရဖို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဌာနထံ စာတင်ထားပြီး အကူအညီမရသေးဘူးလို့ ဆိုပါတယ်။

ပုံးအင်းရေကြီးမှုဟာ တောင်ကျချောင်းရေတွေလို ရုတ်တရက်တက်တာ မဟုတ်ဘဲ တဖြည်းဖြည်း ချင်းတက်တာကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိ၊ အဝတ်အစား အသုံးအဆောင် ဆုံးရှုံးမှုမရှိ၊ အဓိကမှာ သယ်ဆောင်လို့မရတဲ့ စပါးကျီတွေ၊  စိုက်ပျိုးဆဲ ကောက်ပဲသီးနှံတွေတော့ ဆုံးရှုံးတယ်၊ ရှမ်းပြည်တောင်ပိုင်းမှာ ဆန်စပါးအထွက်များဆုံး ပုံးအင်းဒေသက လူတွေဟာ ခုတော့ စားစရာဆန်တောင် မရှိတော့တဲ့ အခြေအနေဖြစ်နေတယ်လို့ ပုံးအင်းဒေသခံ တယောက်က ပြောသွားပါတယ်။  

Photo - ပုံးအင်းဒေသရေကြီးပုံများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013