ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလာလို့ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေ အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့မှာ စက်တင်ဘာ ၁၃ ရက်ကနေ ဒီနေ့ ၁၆ ရက်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်က နေအိမ် ၁၀၀ ထက်မနည်း ရေဝင်ရောက် နစ်မြုပ်နေကာ အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
ရေဘေးသင့် ဒေသခံတယောက်က “ဒီနေ့ ရေပြန်ကျတယ်ဆိုပေမဲ့ အများကြီး မဟုတ်ဘူး။ မိုးကလည်း ရွာတာ ရပ်သွား ခဏပဲ။ ရေဝင်ရောက်နေတဲ့ အိမ်ခြေက များတယ်။ ဘယ်မှ သွားမရဘူး။ ရေဘေးစခန်းဖွင့်တာ မရှိဘူး။ အိမ်မှာပဲ အဆင်ပြေသလို နေလို့ရသေးလို့ နေနေပါတယ်။ လာလှူတဲ့သူတွေ ရှိတယ်၊ လိုအပ်ချက်က များတော့ လောက်ငမှုမရှိဘူး။ လိုအပ်တာပေ့ါ” လို့ ပြောပါတယ်။
ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့မှာ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်တွေ အဓိက ရေနစ်မြုပ်နေပြီး ဒေသခံတွေအနေနဲ့ လက်ရှိ ရေမမြုပ်တဲ့အိမ်တွေ၊ ရေဝင်ရောက်တာနည်းတဲ့ အိမ်တွေမှာ ပြောင်းပြီး စုပေါင်းနေနေကြတယ်လို့ သိရပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အခု ရေဘေးသင့်သူတွေ အားလုံးအတွက် စားစရာနဲ့ ရေသန့် အကူအညီတွေ လိုအပ်နေတာ။ လတ်တလော လူမှုကူညီရေးအသင်းအဖွဲ့တွေက အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ထမင်းဘူးတွေ ပေးဝေနေတယ်။ တတ်နိုင်သလောက် လှူတာလေ၊ တနပ်စာပဲရတယ်၊ လိုအပ်တာပေါ့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
ကြံခင်းမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး စာသင်ကျောင်းတွေထဲ ရေဝင်ရောက်လာလို့ စက်တင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်က စတင်ပြီး စာသင်ကျောင်း ၁၀ ကျောင်း ပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ဒါ့အပြင် ကြံခင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကြံခင်း-ဟင်္သာတ-အင်္ဂပူ-မြန်အောင် ကားလမ်းပေါ် ရေကျော်မြင့်တက်လာလို့ စက်တင်ဘာ ၁၂ ရက်က စတင်ပြီး ယာဉ်မှန်သမျှ ဖြတ်သန်းသွားမရဖြစ်ကာ ကားတွေအနေနဲ့ ဖြတ်သွားမယ် ဆိုပါက စက်ရပ်ပြီး လူအင်အားအများအပြားသုံး တွန်းပြီးမှ ဖြတ်သန်းသွားလာနေရတယ်လို့ သိရပါတယ်။