Home
ရုပ်သံ
တောင်ငူရေဘေးအတွက် လှေ မလုံလောက်သဖြင့် ကယ်ဆယ်ရေးခက်ခဲ
DVB
·
September 15, 2024
Photo : Ko Soe Linn

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး မိုးသည်းသည်းထန်ထန်ရွာပြီး စစ်တောင်းမြစ်ရေ တက်လာတာ​နဲ့အတူ ရေကြီးရေလျှံခဲ့ချိန် ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ အသက်ကယ်လှေ မလုံလောက်တာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ နယ်ခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ကယ်ဆယ်ရေးလှေအခက်ခဲကြောင့် ရေဘေးသင့်နေတဲ့ နေရာတွေက အကူအညီတောင်းလာတဲ့ နေရာတိုင်းကို မသွားနိုင်တော့ကြောင်းနဲ့  ပိတ်မိနေတဲ့ဒေသတွေလည်း ရှိနေကြောင်း တောင်ငူမြို့ခံ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အဓိက ကတော့ ကယ်ဆယ်ရေးလှေ မလုံလောက်တဲ့ ပြဿနာပေါ့။ ဒီဘက်က ပရဟိတအသင်း တော်တော်များများ စက်လှေမရှိကြတာ များတယ်။ တချို့ရှိတဲ့အဖွဲ့မှာလည်း ရေစီးသန်တဲ့ နေရာတွေ ဖြတ်မောင်းနှင်ဖို့က လုံလောက်တဲ့ကြံ့ခိုင်မှု မရှိဘူး။ သက်ဆိုင်ရာတွေဘက်ကလည်း တစီး၊ နှစ်စီးလောက်ပဲ ချထားပေးတော့ ကယ်ဆယ်ရေးလုပ်ဖို့ တော်တော်လေးကို ခက်ခဲတာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ တောင်ငူမြို့နယ်ထဲက ရပ်ကွက်ကျေးရွာပေါင်း ၃၀ ကျော် ရေကြီးနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ သောင်းချီရှိနေတာကြောင့် တောင်ငူမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၃၀ ကျော် ဖွင့်ထားရပါတယ်။

အမျိုးသား ၃ ယောက် ရေနစ်သေဆုံးခဲ့သလို နောက်ထပ် သေဆုံးသူတွေလည်း ရှိနေနိုင်​သေးတယ်လို့ ရေဘေးကူညီကယ်ဆယ်ပေးနေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၃ ရက် မနေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးသင့်သူတွေကို ကူညီဖို့အတွက် သယ်ဆောင်လာတဲ့ စက်လှေတွေကို စစ်ကောင်စီအဖွဲ့က  ကြားဖြတ် လုယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူမြို့ခံတယောက်က “ပဲခူးဘက်က အလှူရှင်တဦး လှူလိုက်တဲ့ ကယ်ဆယ်ရေးစက်လှေ ၅ စီးကို တောင်ငူအဝင်မှာ စစ်ကောင်စီအဖွဲ့က ထန်းတပင်မြို့နယ်ကို ၄ စီးပေးရမယ်ဆိုပြီး ယူသွားကြတာ” လို့ ပြောပါတယ်။

အလားတူ မနေ့ကပဲ ရေကြီးနစ်မြုပ်နေတဲ့ ရေတာရှည်မြို့နယ် အရှေ့ဘက်ကမ်းရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ကယ်ဆယ်ရေးသမားတွေ သွားရောက်ကယ်ဆယ်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက် ၆ နာရီခွဲအချိန်ထိ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၈၁၄ စင်တီမီတာမှာရှိနေတယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013