Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေလျှံပြီး  တောင်ငူမြို့ ရေကြီး
DVB
·
August 28, 2024

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန် ရေကြီးရေလျှံနေတာကြောင့် ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့ မှာ ဒေသခံတွေ ရေဘေးနဲ့ ကြုံတွေ့နေကြရပါတယ်။ 

မိုးသည်းထန်စွာရွာပြီးနောက် ဆွာဆည်ရေလျှံနေလို့ ဆည်ရေလွှတ်မှုအပါအဝင်  စစ်တောင်းမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတဲ့အတွက်   တောင်ငူမြို့အပါဝင် မြစ်ဘေးတလျှောက်က ကျေးရွာတွေ ရပ်ကွက်တွေမှာ ရေကြီး နစ်မြုပ်နေတာပါ။ 

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေဟာ ဩဂုတ် ၂၇ ရက်က စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီး  ည ၈ နာရီလောက်ကာ ရေတွေဝင်ရောက်နေတာလို့ တောင်ငူမြို့ အမှတ် ၁၁ ရပ်ကွက်နေထိုင်တဲ့ ဒေသခံက ပြောပါတယ်။

“မနေ့ည ၈ နာရီခွဲလောက်မှာ ကျမခြံထဲစပြီးရေဝင်လာတယ်။ ဒါတောင်ကျမက မြင့်တဲ့နေရာမှာနေတာ။ အနိမ့်ပိုင်းတွေဆိုရင် ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းရေစဝင်တာ။ အလယ်ကျွန်းဘက်မှာဆိုရင် ၂၅ ရက်နေ့တကည်းက ရေဝင်တာ။ ကျမတို့နေတဲ့ဘက်ကျတော့ မနေ့ ၂၇ ရက်ညမှ စဝင်တာ။” 

ဒီလိုရေဝင်ရောက်မှုတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာနေတဲ့သူတွေကို ရေဘေးလွတ်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေဆီကို ရွှေ့ပြောင်းထားရတယ်လို့  ရွေ့ပြောင်းကူညီပေးသူ ဒေသခံက ပြောပါတယ်။

“ဆွာဆည်က ရေဆက်လွှတ်မယ်ကြားရတယ်၊ လောလောဆယ်အနိမ့်ပိုင်းတွေ ရွှေ့ထားပြီးပြီ။ အရှေ့ဘက်ကမ်းစဝင်နေပြီ။ မြစ်ရေက စိုးရိမ်အမှတ် ကျော်သွားပြီး ရပ်ကွက်တွေထဲ ဝင်နေတာ။”

တောင်ငူမြို့က ရေဘေးသင့်သူတွေကို ရွှေ့ပြောင်းနေရဆဲမို့ လူဦးရေအရေအတွက် မသိရသေးပေမဲ့ ရေက ဆက်တက်နေတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

တောင်ငူ၊ မဒေါက်နဲ့ ဘားအံမြို့တွေက မြစ်ရေတွေဟာ ဩဂုတ် ၂၈  ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက်မှာ ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅၉ စင်တီမီတာ၊ မဒေါက်မြို့မှာ ၃၄ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံလွင်မြစ်ရေကလည်း ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅၄ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။

အခုရက်ပိုင်းအတွင်း ပဲခူးတိုင်းမှာ နေ့စဉ်မိုး ကောင်းနိုင်သလို ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလည်း  နေရာကွက် မိုးကြီးနိုင်လို့ ရေဘေး၊ မြေပြိုဘေး သတိပြု နေထိုင်ကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သြဂုတ် ၂၈ ရက်မှာ ထုတ်ပြန် သတိပေး ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024