အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း မာလူကူပြည်နယ်ရဲ့ အရှေ့ပိုင်းတလွှားမှာ ရေကြီးနေလို့ အိမ်တွေပျက်စီးပြီး လူတွေ ရွှံ့ထဲမှာ နစ်နေပါတယ်။
ပြည်နယ်တွင်း တာနိတ်မြို့မှာ သြဂုတ် ၂၅ ရက်က လူ ၁၃ ယောက်ထက်မနည်း သေဆုံးပြီး ၆ ယောက် ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ မနက်အစောပိုင်းမှာ တူးဖော်ရေးစက်တွေသုံးပြီး ရွှံ့နွံထဲကနေ အလောင်းအများအပြားကို ရှာဖွေတူးဖော်ခဲ့ကြပါတယ်။
စနေနေ့ကတည်းက မိုးသည်းလို့ ရေကြီးရေလျှံခဲ့ပြီး လာမယ့် ရက်အနည်းငယ်အတွင်း မိုးသည်းနိုင်တယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) က ခန့်မှန်းချက်တွေကို ကိုးကားကြေညာရင်း သတိထားနေကြဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။
BNPB က ဒုက္ခသည်တွေကို ကယ်ဆယ်ရာမှာ ကူညီဖို့ အဖွဲ့တဖွဲ့ တာဝန်ချထားတယ်လို့ ပြောပါတယ်။
ရေကြီးရေလျှံလို့ မြေပြိုတာတွေ အပျက်အစီးတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ဆက်ကြိုးပမ်းနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ ဘာဆာနက်စ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ မေလအတွင်း ရုတ်တရက် ရေကြီးပြီး ရွှံ့မြေပြိုလို့ လူ ၆၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။
Source-Reuters