ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ လေတပ်အရာရှိ ၂ ယောက်သေဆုံးကာ ၆ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ Mountain Knights- Civilian Defense Force (MKCDF) ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။
MKCDF တာဝန်ခံတယောက်က “လေတပ်အတွင်းထဲက လေတပ်စစ်သည်တွေနေတဲ့ ဘားတိုက်ထဲကို ၄ လုံးကျတယ်။ အဆောက်အဦတချို့ ပျက်စီးသွားတယ်။ လေတပ်အရာရှိ ၂ ဦး သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေ မနည်းဘူး။ အဲဒီထဲကမှ ၆ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ဖရဲသီးက ကနဦး သတင်းပို့လာပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ တောင်ငူလေတပ်စခန်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ ကရင်နီဒေသ အပါအဝင် ကရင်ပြည်နယ်တခုလုံး၊ နိုင်ငံအနှံ့အပြားက ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အနိုင်ကျင့်ရာမှာ အထူးအားထားရတဲ့ လေတပ်ဖြစ်ပြီး စစ်ခေါင်းဆောင်တွေ အခြေအနေ မကောင်းတဲ့အခါ ပြည်ပထွက်ပြေးဖို့ အားထားရတဲ့လေတပ်ဖြစ်လို့ သူတို့ ပြေးပေါက်မရှိအောင် ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်လို့ ဆက်ပြောပါတယ်။
တောင်ငူလေတပ်စခန်း တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့နဲ့အတူ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Mercury Revolution Force (MRF) အဖွဲ့၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီက ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
MKCDF ပြန်ကြားရေးတာဝန်ခံတယောက်က “တောင်ငူလေတပ်စခန်းကို အခုနှစ်ထဲမှာ အခုတကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ရှိပါပြီ။ ပြီးခဲ့တဲ့မတ်လထဲကတကြိမ်နဲ့ မေလထဲကတကြိမ် တိုက်ခိုက်ခဲ့ပါသေးတယ်။ အခုလို ပစ်ခတ်တိုက်ခိုက်နိုင်ဖို့ ပူးပေါင်းပါဝင်ကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေအပြင် တပ်တွင်းကနေ သတင်းပေးပို့ကြတဲ့ ဖရဲသီးတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးတဲ့အပြင် စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
တောင်ငူမြို့ပေါ်က စည်ပင်ဝန်ထမ်းအိမ်ရာ၊ ယာဉ်ထိန်းရုံးအိမ်ရာနဲ့ မြို့နယ်လျှပ်စစ်ရုံး ၃ ခုကိုလည်း ဩဂုတ် ၂၂ ရက် တရက်တည်းမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့ကို ရောက်ရှိနေပြီး တမြို့လုံးကို Jammer တွေ ချထားတဲ့အပြင် မြို့တွင်းနဲ့ မြို့ပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီပြီး အထူးလုံခြုံရေးချထားတယ်လို့ တောင်ငူမြို့ခံတွေဆီကနေ သိရပါတယ်။