ပဲခူးတိုင်း၊ တောင်ငူမြို့က စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက နေရာ ၃ ခုကို ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တောင်ငူမြို့ပြ UG ဆီကနေ သိရပါတယ်။
တောင်ငူမြို့ပြ UG ရဲ့ တာ၀န်ခံတဦးက “အဲ့ဒီရုံးတွေက ၀န်ထမ်းတွေက စစ်ကျွန် သက်ရှည်ကြတယ်။ CDM လည်းမလုပ်ကြသလို အခုထိလည်း ပြည်သူတွေဆီကနေ အခွန်ငွေကြေးတွေကောက်ခံနေပြီး စစ်ကောင်စီယန္တရား လည်ပတ်နိုင်အောင် လုပ်နေကြတဲ့အတွက် အခုလိုတိုက်ခိုက်ရတာပါ” လို့ DVB ကို ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တောင်ငူမြို့ပေါ်က စည်ပင်၀န်ထမ်းအိမ်ရာ၊ ယာဉ်ထိန်းရုံးအိမ်ရာနဲ့ မြို့နယ်လျှပ်စစ်ရုံးတို့ကို တရက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တောင်ငူမြို့ပြ UG ရဲ့ ပြန်ကြားရေးတာ၀န်ခံက “နေရာ ၃ ခုလုံးကို ပြင်းအားမြင့် ရှေ့ထွက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ပျက်စီးတဲ့ အနေအထားကိုတော့ စုံစမ်းနေပါတယ်။ မိုင်းခွဲပြီးတဲ့နောက်ပိုင်း တမြို့လုံးမှာ အစစ်အဆေးတွေ ကြမ်းနေတယ်။ ကျနော်တို့ ရဲဘော်တွေကတော့ ဌာနေကို ချောချောမောမောပြန်ရောက်ပါပြီ။ ဘေးကင်းပါတယ်” လို့ ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တောင်ငူမြို့က မြို့နယ်စည်ပင်သာယာရုံးနဲ့ မြို့နယ်လျှပ်စစ်ရုံးတို့ကို ရုံးချိန်အတွင်း DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက် ညကလည်း တောင်ငူမြို့၊ တော်ဝင်ကေတုမတီ ဟိုတယ်မှာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် တည်းခိုနေစဥ် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့၀င်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။