Home
မြန်မာသတင်း
သီပေါမြို့ရှိ ဌာနဆိုင်ရာအားလုံးကို TNLA  ထိန်းချုပ်
DVB
·
August 21, 2024

သီပေါမြို့မှာရှိတဲ့ ဌာနဆိုင်ရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

TNLA တပ်မဟာ (၂) နယ်မြေ စစ်ကောင်စီရဲ့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂၃)၊ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ ၅၀၃-၅၀၄) တပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေပေမဲ့  သီပေါမြို့ရဲ့ ဌာနဆိုင်ရာတွေအားလုံးကိုတော့ ထိန်းချုပ်ထားပြီလို့ သိရပါတယ်။

လွေးယေဦးက “အဲဒီတပ်တွေက မြို့အပြင်တွေမှာ တပ်စွဲထားတာပေါ့။ အဲဒီတပ်တွေမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပါတယ်။ သီပေါမြို့က ဌာနဆိုင်ရာတွေအားလုံးကိုတော့ ကျမတို့ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နယ်မြေတွေ ဆက်တိုက်လက်လွှတ်ဆုံးရှုံးရတာတွေ များလာတဲ့ စစ်ကောင်စီဟာ အခုလ ၁၈ ရက်က သီပေါမြို့ ခလရ ၂၃ အနီး နားမုံရပ်ကွက်ကို လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့သလို ကျောက်စုရပ်ကွက်ရှိ AAA ရဲ့ ဆီသိုလှောင်ကန်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မီးလောင်ခဲ့တယ်လို့  TNLA က သတင်းထုတ်ပြန်ထားပါတယ်။

လွေးယေဦးက “စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ဦးတည်ပြီးတော့မှ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ ဆီလှောင်ကန်ကို လက်နက်ကြီးကျလို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်”လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် သီပေါမြို့နယ် နမ့်လန်မှာလည်း သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲချ တိုက်ခိုက်လို့ အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၂ အိမ် ပျက်စီးသွားခဲ့ပါတယ်။

သီပေါမြို့မှာ သြဂုတ် ၁ ရက်မှ ၁၉ ရက်အထိ စစ်ကောင်စီက အရပ်သားတွေရှိရာကို ဦးတည်ပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013