ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စကခ (၁)၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတွေ အခြေစိုက်တဲ့ ကျောက်မဲကို ဩဂုတ် ၅ ရက်ညက စစ်ခေါင်းဆောင်မိန့်ခွန်းပြောကြားအပြီးမှာပဲ သိမ်းပိုက်လိုက်နိုင်တာလို့ ဆိုပါတယ်။
ကျောက်မဲမြို့ခံတဦးက “ဖုန်းလိုင်းတွေတော့ ဘယ်တလိုင်းမှမရဘူး CDMA ပဲ ရတာရှင့်။ ပြီးပြီလားဆို ပြီးသလောက် ဖြစ်သွားပြီလို့ပြောရမယ်၊ တော်တော်ကြီးကို ငြိမ်သွားပြီရှင့်” လို့ ပြောပါတယ်။
ဒါကြောင့် အသေးစိတ်သိရနိုင်ဖို့ TNLA ဘက်ကို DVB က မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးသလို တရားဝင်ထုတ်ပြန်တာလည်း မရှိသေးပါဘူး။
ကျောက်မဲ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ စကခမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ လားရှိုးတိုက်ပွဲအတွင်း ဩဂုတ် ၃ ရက်ကတည်းက MNDAA ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။ ဒါကြောင့် ဒု စကခ (မှူး) ဗိုလ်မှူးကြီး အောင်ခိုင်မိုးက ဆက်လက်ခုခံနေတာဖြစ်ပြီး ၂ ရက်အကြာ ဩဂုတ် ၅ ရက်နေ့မှာတော့ ကျောက်မဲမြို့ကို TNLA က ထိန်းချုပ်လိုက်နိုင်တာလို့ စစ်ရေးအကဲခတ်တွေကလည်း ပြောပါတယ်။
TNLA ဘက်ကတော့ စစ်ကောင်စီလက်ကျန်တပ်စခန်း စကခ (၁)၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတွေကို မနေ့မနက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က Y12 နဲ့ ဗုံး ၉၆ လုံး၊ ပတ္တမြားစေတီအနီးတဝိုက်ကို Y12 နဲ့ ဗုံး ၂ လုံး၊ Jet Fighter နဲ့ ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုလည်း သိမ်းပိုက်ထားပြီးဖြစ်လို့ ကျောက်မဲမြို့ဟာ စတုထ္တမြောက်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာမှာပါ။