ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာရှိတဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ အလက် ၄၀၀ ကျော်ရတယ်လို့ TNLA က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တအာင်းပြည်နယ် တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
မိုးမိတ်မြို့နယ်ရှိ တပ်စခန်းတွေကို PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ဇွန် ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး၊ တလအကြာမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “ဟုတ်ပါတယ်။ မနေ့က ၁ နာရီမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
မိုးမိတ်မြို့နယ်ရှိ တပ်စန်းတွေဖြစ်တဲ့ ၃၄၈ ဗျူဟာကုန်း၊ ခလရ ၂၂၃ စခန်း၊ ၊ခလရ ၂၆၇ စခန်း၊ ခမရ ၃၄၈ စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင် ၆ တပ်စခန်း၊ ပလက်တီနမ်၊ ဗိမာန်ကျောင်းနဲ့ ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးအားလုံးကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ကအသိပေးထားပါတယ်။
မိုးမိတ်မြို့ဟာ စစ်ကောင်စီ စကခ-၂၁ လက်အောက်ခံ တပ်ဖြစ်တဲ့ ခလရ-၂၂၃၊ ၂၇၆ နဲ့ ခမရ-၃၄၈ တို့ လာရောက်ထိုးစစ်ဆင်စခန်းချတဲ့ မြို့လည်း ဖြစ်တယ်လို့သိရပါသေးတယ်။
TNLA အနေနဲ့ မိုးမိတ်တပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter ၂၉ ကြိမ်၊ Y12 လေယာဥ် ၃၈ ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု ၁၄ ကြိမ်၊ လက်နက်ကြီးဖြင့် ၂၂၁ ကြိမ်၊ ပေါင် ၅၀၀ ဗုံး ၁ လုံး နဲ့ အတွဲလိုက်ဒုံး ၁၈ လုံး အသုံးပြုတိုက်ခိုက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၂၅၀ လက်၊ 120 MM ၁ လက်၊ 60 MM ၁၉ လက်၊ 81 MM ၉ လက်၊ ပွိုင့်ဖိုက် ၃ လက်၊ RPG ၁၆ လက်၊ ဂျမ်ပါ ၂ စုံ၊ စိန်ပြောင်းနောက်ပွင့် ၂လက်၊ လေယာဉ်ပစ်လက်နက် ၁ လက်၊ ပစ္စတို ၃ လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အမြားနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်ကာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့လို့ သိရပါတယ်။
မိုးမိတ်ကတပ်စခန်းတွေကို PSLF/TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က အရပ်ဖက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရ၊ စာသင်ကျောင်း ၂ ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးတာနဲ့ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း PSLF/TNLA အနေနဲ့ နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိတဲ့မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။