ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တခုရဲ့ တာဝန်ခံတဦးက “အရင်ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကလည်း ၁၂၀ ဝန်းကျင်လောက် ရှိတယ်။ အခုဟာက ဒုတိယအကြိမ် ဖမ်းမိတာပါ။ ဖမ်းမိထားတဲ့သူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဟာ လမ်းခရီးမှာ အစာငတ်ပြတ်တာ၊ တိုက်ပွဲအတွင်း အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးဝါးကုသလို့ မရတာတွေကြောင့် သေဆုံးသူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ အရပ်ဘက်ဝန်ထမ်းတွေ အပါအဝင် ဦးရေ ၁၂၀ နီးပါးကို ဇူလိုင် ၁၇ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပြီး ဇူလိုင် ၂၅ ရက်မှာလည်း ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိခဲ့ကာ ဆက်လက်ပြီးတော့လည်း ဖမ်းဆီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၅ ရက်ကလည်း မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားနဲ့ ဆက်စပ်သူတွေကို လိုက်လံရှင်းလင်းဖမ်းဆီးစဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ဒုတိယအကြိမ် လိုက်လံဖမ်းဆီးတဲ့အခါမှာ ထွက်ပြေးသွားကြတဲ့ စစ်သားတွေအပြင် သူတို့မိသားစုဝင်တွေပါတဲ့ စစ်ကြောင်းနဲ့ ၂ နာရီနီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိတဲ့အပြင် သူတို့ဆီက လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိလိုက်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်မှာ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ ချင်းပြည်နယ်၊ မတူပီမြို့က ခမရ ၃၀၄၊ ခလရ ၁၄၀ နဲ့ မတူပီအခြေစိုက် စစ်ဗျူဟာကုန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။