ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်းမှာ သြဂုတ် ၂၆ ရက်ကစပြီး စစ်တောင်းမြစ်ရေ ပြန်တက်လာတာကြောင့် ဘေးလွတ်ရာကို ပြန်လည်ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၆ ရက်ကစပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာတာနဲ့ ခပေါင်းဆည်ရေ လွှတ်ချတာ ဆုံပြီး တောင်ငူမြို့နယ်ထဲက အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံ ဖြစ်ပေါ်လာတာကြောင့် ဒေသခံ ၅၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း ရေဘေးရှောင် ကူညီပေးနေသူ တဦးက ပြောပါတယ်။
“ဒီရက်ပိုင်း မိုးများတော့ ခပေါင်းဆည်ရေ ပြည့်လာတာပေါ့။ လက်ရှိ မိုးဆက်ရွာနေလို့ ရှေ့ရက်တွေအတွက် စိတ်ပူရတဲ့အခြေအနေပါ။ လောလောဆယ် ရေဘေးရှောင်တဲ့သူစာရင်းက တိုးလာတော့ စားသောက်ကုန်နဲ့ သောက်သုံးရေ လိုအပ်ချက်တွေရှိနေပါတယ်။”
ရေဘေးရှောင်သူတွေကို တောင်ငူမြို့ပေါ်ရှိ ပေါ်တော်မူဘုရား၊ အုတ်ကျွတ်တန်း မူလွန်ကျောင်း အမှတ် ၂ နဲ့ အ.ထ.က ၆ တို့မှာ ရေဘေးရှောင် ၂,၀၀၀ ဝန်းကျင်နဲ့ ကျေးရွာဘုန်းကြီး ကျောင်းတွေမှာ ရေဘေးရှောင် ၃၀၀၀ နီးပါးခန့်ကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း လူမှုကူညီရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
လက်ရှိ စစ်တောင်းမြစ်ရေ မြင့်တက်နေတာကြောင့် အမှတ် ၉၊ အုတ်ကျွတ်တန်း၊ အလယ်ကျွန်း၊ မြစ်ကြီးပေါက်၊ ကြက်လျှာစွန်း ရပ်ကွက်တွေနဲ့ ပြသောင်၊ ဒိုးသောင်၊ ဇီးဖြုပင်ကျေးရွာအပါအဝင် ကျေးရွာရပ်ကွက်ပေါင်း ၂၅ ခုကျော်က ဒေသခံ ၅၀၀၀ ခန့် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၅၅ စင်တီမီတာမှာရှိနေပြီး ရေထပ်တက်နိုင်မယ့်အခြေအနေမှာ ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၂၈ ရက် မနက်မှာ ထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကလည်း စစ်တောင်းမြစ်ရေ ပထမအကြိမ် တက်ခဲ့မှုကြောင့် တောင်ငူမြို့ပေါ်ရှိ ကျေးရွာရပ်ကွက်တွေက ဒေသခံ ၁၀၀၀၀ ကျော်ရေဘေးသင့်ခဲ့ကြောင်း သိရပါတယ်။