ငါးတွေ ပုံမှန်နေထိုင်ရာ ရေချိုဒေသတွေကနေ မနှစ်က ရေကြီးလို့ ဂရိနိုင်ငံအလယ်ပိုင်း ဗိုယော့စ် မြို့က ခရီးသွားဆိပ်ကမ်းတစ်ခုဆီ အခုသီတင်းပတ်အတွင်း ရောက်လာတဲ့ သိန်းနဲ့ချီတဲ့ ငါးအသေတွေကို ဂရိအာဏာပိုင်တွေက စပြီးကောက်ယူနေပါပြီ။
ဒီရေချိုငါးတွေဟာ မုန်တိုင်း ဒယ်နီယယ်ကြောင့် ရေကြီးရေလျှံမှုတွေကနေ ရေပြန်ကျသွားချိန်မှာ ပါဂါဆက်တစ်ခ် ပင်လယ်ကွေ့ထဲ မျောပါသွားရင်း ရေငန်နဲ့ ထိတွေ့ပြီးလို့ ချက်ချင်း သေဆုံးသွားတာပါ။
ရေထဲမျောနေတဲ့ ငါးအသေကောင်တွေ များလွန်းလို့ ဆိပ်ကမ်းတလျှောက် ငွေရောင်စောင် တစ်ထည် ဖြန့်ခင်းထားသလို ဖြစ်နေတာပါ။ အနံ့အသက်ဆိုးတွေက အနီးနားမှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေဆီကို မရောက်မီ ဒေသခံတွေနဲ့ အာဏာပိုင်တွေက ဂေါ်တွေနဲ့ ကျုံးယူနေကြပါတယ်။
ဂရိနိုင်ငံအတွင်း မှတ်တမ်းတင်ဖူးသမျှ အဆိုးရွားဆုံးမုန်တိုင်း ဒန်နီရယ်ကြောင့် မနှစ်က သက်ဆာလီယာလွင်ပြင်က ကာလာရေကန်နားမှာ မြေဧက ၃၅,၀၀၀ ကို ရေလွှမ်းမိုးခဲ့ပြီး အိမ်တွေ၊ ကောက်ပဲသီးနှံတွေ၊ ဆည်မြောင်းစနစ်တွေနဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး လမ်းကြောင်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
မဂ်နေစီယာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစဦးလှုပ်ရှားမှုအဖွဲ့ရဲ့ အဖွဲ့ဝင် အသက် ၆၈ နှစ်အရွယ် စတယ်လီယော့စ် လင်မ်မျော့စ်က ငါးသေတွေ ကီလိုမီတာနဲ့ချီပြီး ဖုံးလွှမ်းနေလို့ ပင်လယ်ကွေ့ ဒေသထဲက ရေနေနို့တိုက်သတ္တဝါတွေကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါပိုးတွေ ညစ်ညမ်းမှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
ပါဂါဆက်တစ်ခ် ပင်လယ်ကွေ့ကို သက်ဆာလီယာ အမှိုက်ပုံအဖြစ် မဆက်ဆံနိုင်ပါဘူးလို့လည်း သူက ပြောခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ရေပန်းစားတဲ့နေရာ ဖြစ်တဲ့ ဗိုယော့စ်မြို့မှာ ဒေသခံတွေက သူတို့လုပ်ငန်းတွေ ထိခိုက်ပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။
ဒေသခံ စားသောက်ဆိုင်ပိုင်ရှင် တယောက်က သူ့မြို့ဟာ မနှစ်က ရေကြီးလို့ ပျက်စီးသွားခဲ့ပြီလို့ ပြောပါတယ်။ အခုအချိန်အထိ ငါးသေတန်ချိန် ၄၀ လောက်ကို ဒေသန္တရအာဏာပိုင်တွေက ဖယ်ရှားခဲ့ပြီးပါပြီ။ ဒေသဆိုင်ရာ အစိုးရရှေ့နေတွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်။
ဂရိနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ပြင်းထန်တဲ့မုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နှုန်း မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်တာလို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။
Source-Reuters