ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေ လတ်တလော တိုက်ခိုက်ခဲ့တဲ့ ဂရိအလံတင် ရေနံစိမ်းတင်သင်္ဘော အမ်ဗီဒယ်လ်တာဆိုယူနီယံဟာ ပင်လယ်နီမှာ မီးလောင်နေဆဲဖြစ်ပြီး အခုဆို ရေနံတွေ ယိုစိမ့်နေပုံရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ် ပက်ထရစ်ရိုင်ဒါက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။
ပင်လယ်နီမှာ ရေကြောင်းသွားလာမှု အန္တရာယ်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေး ၂ ခုလုံးကို ပြသထားကြောင်းလည်း ပြောဆိုပါတယ်။
ဟူသီတွေဟာ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့ အခိုင်အမာဆိုထားပေမဲ့ သူတို့ရဲ့လုပ်ရပ်တွေက ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့လည်း ဗိုလ်ချုပ် ပက်ထရစ်ရိုင်ဒါက ပြောပါတယ်။
တကယ်တမ်းတော့ သူတို့ဟာ ကမ္ဘာနဲ့ ဒေသဆိုင်ရာ ကုန်သွယ်မှုကို မတည်မငြိမ် ဆက်ဖြစ်စေပြီး အပြစ်မဲ့အရပ်သား သင်္ဘောသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပြုနေကြောင်းနဲ့ ဟူသီတွေ ပိုင်တဲ့ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ရှိ တက်ကြွတဲ့ ရေကြောင်းဂေဟစနစ်ကို ဆက်ပြီးအနှောက်အယှက်ပေးနေတဲ့ မဆင်မခြင် အကြမ်းဖက်တဲ့ လုပ်ရပ်တွေပဲလို့လည်း ပြောသွားပါတယ်။
ဂရိရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနမှ အစီရင်ခံချက်အရ ဆိုယူနီယံ သင်္ဘောဟာ ရုရှားသင်္ဘောသား ၂ ဦး၊ ဖိလစ်ပိုင်သင်္ဘောသား ၂၃ ဦးတို့နဲ့ အီရတ်မှ ဂရိကို ရွက်လွှင့်နေပြီး ရေနံစိမ်း စည်ပေါင်း ၁ သန်းလောက် သယ်ဆောင်လာတယ်လို့ ဆိုပါတယ်။
သင်္ဘောသားတွေကိုတော့ မိတ်ဖက်နိုင်ငံပိုင် ရေယာဉ်ရဲ့အကူအညီနဲ့ ကယ်ဆယ်ခဲ့ပါတယ်။ ဆိုယူနီယံသင်္ဘောကို ကယ်ဆယ်ဖို့အတွက် တတိယအဖွဲ့ဟာ ဆွဲသင်္ဘော ၂ စင်းကို စေလွှတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဟူသီတွေက သူတို့ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဆိုယူနီယံ သင်္ဘောဟာ အခုလအတွင်း ပင်လယ်နီမှာ တိုက်ခိုက်ခံရတဲ့ အေသင်အခြေစိုက် ဒယ်လ်တာတန်ကာစ် ကုမ္ပဏီရဲ့ တတိယမြောက်သင်္ဘောဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရေယာဉ်ပေါ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သင်္ဘောသားတွေက ငြှိမ်းသတ်ခဲ့ကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် သြဂုတ်လ ၂၁ ရက်က ယီမင်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ဟိုဒေးဒါအနီးမှာ ပင်လယ်နီမှာ ဆိုယူနီယံ ရေနံစိမ်းတင် သင်္ဘောကို ဒုံးကျည်အများအပြားနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဟူသီတွေက ပြောထားပါတယ်။
ဒယ်လ်တာတန်ကာစ် ဂရိသင်္ဘောကုမ္ပဏီဟာ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဆိပ်ကမ်းတွေဆီ ဝင်ရောက်ခြင်းဆိုင်ရာ တားမြစ်ချက်ကို ချိုးဖောက်တာကြောင့် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူယာယျာဆာရီးက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။
Source-Reuters