ရန်ကုန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှာ ဩဂုတ် ၂၄ ရက် မနေ့ညပိုင်းက အဆောင်တခု မီးလောင်ပြီး အမျိုးသမီးကြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ လှိုင်သာယာ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
၂၀ ရပ်ကွက်၊ ဆရာစံလမ်းက ၃ ထပ်တိုက်အဆောင်တခုမှာ ည ၁၀ နာရီ ၁၅ မိနစ်လောက်က မီးလောင်ခဲ့တာဖြစ်ပြီး အဆောင်အပေါ်ဆုံးထပ်နေ အသက် ၆၀ ကျော်အရွယ် အဘွားအို ၁ ယောက် သေဆုံးခဲ့ပါတယ်။
အဆောင်မှာသွယ်တန်းထားတဲ့ မီးကြိုးကနေ အပူလွန်ကဲလောင်ကျွမ်းခဲ့ရာက သိုလှောင်ထားတဲ့ ဓာတ်ဆီပေပါတွေကို ကူးစက်လောင်ကျွမ်းတာကြောင့် အိမ်ခန်း ၁၁ ခန်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအသင်းဝင်တယောက်က “စက်ရုံသမားတွေနေတဲ့ အဆောင်ပါ။ တိုက်က ပေ ၂၀၊ ၆၀ လောက်ရှိမယ်။ အားလုံး ၁၁ ခန်း ပါသွားတယ်။ မီးကြိုးကနေ ရှော့ခ်ဖြစ်ပြီး လောင်တာ။ အဘွားတဦး ဆုံးသွားတယ်။ Level 1 ခေါ်တော့ လာငြှိမ်းတဲ့အသင်းတွေ များတယ်”လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို မြောက်ပိုင်းခရိုင်မီးသတ်က မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ လှိုင်သာယာ မြို့နယ်မီးသတ်က မီးငြှိမ်းသတ်ယာဉ် ၄ စီးနဲ့ ထိစပ်မြို့နယ်တွေက Level 1 အဆင့် ယာဉ်အုပ်စုတွေ လာရောက်ငြှိမ်းသတ်ခဲ့လို့ ည ၁၁ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။
ပျက်စီးမှုတန်ဖိုးအသေးစိတ်ကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး အဆောင်ပိုင်ရှင် အမျိုးသမီးကို လှိုင်သာယာအနောက်ပိုင်း ရဲစခန်းက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်လောက်ကလည်း လှိုင်သာယာ အနောက်ပိုင်းမြို့နယ်ထဲက Sewell Garment အထည်ချုပ်စက်ရုံ မီးလောင်ခဲ့ပါတယ်။
Photo - လူမှုကူညီရေးအသင်းများ