ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၁၊ ပုသိမ်လမ်းရှိ အလှကုန်ပစ္စည်းလှောင်ထားတဲ့ ဂိုဒေါင်မှာ ဇူလိုင် ၃၁ ရက် မနက် ၉ နာရီ မိနစ် ၅၀ လောက်က Level 1 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
မီးလောင်မှုဟာ သွပ်မိုးသွပ်ကာ ပေ ၁၂၀ ပတ်လည်လောက်ရှိတဲ့ ဂိုဒေါင်ထဲမှာ ဝါယာရှော့ဖြစ်ရာက စတင်ခဲ့တာဖြစ်ပြီး ဂိုဒေါင်စောင့်တွေက သက်ဆိုင်ရာ မီးသတ်အဖွဲ့တွေကို အကြောင်းကြားခဲ့တာပါ။
မီးလောင်မှုကြောင့် ဂိုဒေါင်ထဲ လှောင်ထားတဲ့ ခေါင်းလျှော်ရည်၊ လက်သန့်ဆေး၊ အလှပြုပြင်ရေး ထုတ်ကုန်တွေ ပျက်စီးသွားသလို သိုလှောင်ထားတဲ့ အရက်ပြန်ပုံးတွေကနေ ပေါက်ကွဲထွက်မှုတွေလည်း ရှိခဲ့ပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဂိုဒေါင်ကို အပြင်က သွပ်တွေရော အတွင်းပိုင်းက ပစ္စည်းတွေပါ လောင်သွားတယ်။ အရက်ပြန်ပုံးတွေ ထပေါက်ကုန်တာ ရှိပါတယ်။ လူဒဏ်ရာရတာတော့ မရှိပါဘူး။ အလှကုန်ပစ္စည်းတွေ ထည့်ထားတဲ့ ဂိုဒေါင်ပါ” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို တောင်ဒဂုံမြို့နယ်မီးသတ်နဲ့ မြို့နယ်ထိစပ်မီးသတ်အဖွဲ့တွေက လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀ နာရီ ၁၈ မိနစ်မှာ မီးထိန်းနိုင်ကာ ၁၀ နာရီခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကို မြို့နယ်မီးသတ်အဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၃၀ ရက် မနက်ကလည်း ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ဝင်းရှိ မွမွလေး အကြော်စုံစက်ရုံမှာ အပူလွန်ကဲ မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။