ဥရောပရဲ့ အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဇာပိုရစ်ချ်ဇီယာ (ZNPP) မှာ သြဂုတ် ၁၁ ရက်က မီးလောင်ခဲ့ပြီး ဒီဖြစ်ရပ်အတွက် ရုရှားနဲ့ ယူကရိန်း တာဝန်ရှိသူတွေက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
ဒါပေမဲ့ စက်ရုံမှာ ဓာတ်ရောင်ခြည်ပမာဏ ပုံမှန်အတိုင်း ရှိနေတယ်လို့ နှစ်ဖက်စလုံးနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့က သတင်းထုတ်ပြန်ထားပါတယ်။
ဇာပိုရစ်ချ်ဇီယာဒေသ အုပ်ချုပ်ရေးမှူး ယက်ဗ်ဟန်း ဘောလစ်စကီက အဲဒီနေ့မှာပဲ ယူကရိန်းက တိုက်ခိုက်လို့ စက်ရုံရဲ့ အအေးခံစက်ခန်းတွေ မီးလောင်သွားတယ်လို့ လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
စက်ရုံပတ်ဝန်းကျင်က ဓာတ်ရောင်ခြည်သင့်မှုအဆင့်က ပုံမှန်ဖြစ်ပြီး ဒေသခံတွေအတွက် အန္တရာယ်မရှိဘူးလို့လည်း သူက အလေးပေး ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ZNPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြုခဲ့ပြီး ထိခိုက်နစ်နာရတဲ့ အအေးပေးစနစ်ဟာ ဒနစ်ပါမြစ်ပေါ်မှာ ရှိတဲ့အပြင် ဓာတ်အားထုတ်လုပ်တဲ့ ယူနစ်တွေနဲ့ ကပ်လျက်မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ခုဖြစ်ရပ်ဟာ ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် စက်ရုံရဲ့ အခြေခံအဆောက်အအုံကို ပထမဆုံး သိသိသာသာ ထိခိုက်မှု ဖြစ်လာပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ယူကရိန်းရဲ့ လုပ်ရပ်ဟာ ဥရောပကို နျူကလီးယား ခြိမ်းခြောက်မှုပဲလို့ ဖော်ပြခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်ရုံနားက ဧရိယာကို ရုရှားက မီးရှို့ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
IAEA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျွမ်းကျင်သူတွေဟာ စက်ရုံရဲ့ အနောက်မြောက်ဘက် ဧရိယာကနေ ထူထပ်တဲ့ အနက်ရောင်မီးခိုးတွေ ထွက်လာတာ တွေ့ခဲ့ရပြီး ညနေပိုင်း တလျှောက်လုံး ပေါက်ကွဲသံတွေ အများအပြား ကြားခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။
စက်ရုံရဲ့ အအေးခံတာဝါတိုင်တခု ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ IAEA ရဲ့ ကျွမ်းကျင်သူအဖွဲ့ကို အကြောင်းကြားခဲ့ပေမဲ့ နျူကလီးယား ဘေးကင်းရေးကို မထိခိုက်တာကို အတည်ပြုခဲ့တယ်လို့ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖယ် မာရီယာနို ဂရောက်ဇီက ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။
Source-Reuters