ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်က ငမိုးရိပ်ချောင်း ရေထိန်းတံခါးတချပ် ဩဂုတ် ၂၄ ရက် ည ၉ နာရီကျော်က ကျိုးပျက်ခဲ့ပြီး လူနေအိမ်တွေထဲ ရေဝင်ရောက်ခဲ့ပေမဲ့ စိုးရိမ်စရာမရှိတော့ဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
၄၈ ရပ်ကွက်နဲ့ ၄၉ ရပ်ကွက်ကြားက ရေထိန်းတံခါး ကျိုးခဲ့တာဖြစ်ပြီး တံခါးမကျိုးခင် ညနေ ၆ နာရီလောက်က ငမိုးရိပ်ရေလှောင်တမံမှာ သတ်မှတ်ထားတဲ့ ရေချိန် ၁၀၇ ပေ ကျော်လာခဲ့လို့ ရေပိုလွှဲကနေ ချောင်းထဲကို ရေစတင်လွှဲခဲ့တာကြောင့်ဆိုပြီး ရပ်ကွက်နေသူတွေ စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။
လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “၄၈ ထဲက လမ်းတလမ်းလုံး ရုတ်တရက် ရေဝင်တာပါ။ ရေတံခါးကျိုးတဲ့အချိန် ချောင်းရေက ကျနေတာ။ ၄၉ ထဲက ဟိုတခါ ရေကြီးတုန်းက အိုက်နေတဲ့ရေတွေက တံခါးကျိုးပြီး ဒီဘက်ကိုအကုန်ဝင်ကုန်တာ။ မြောက်ဒဂုံ စပြီး တည်ခါစလောက်က လုပ်ထားတဲ့ သံတံခါးပါ။ အကျယ် ၃ ပေခွဲလောက်ရှိမယ်။ ညတွင်းချင်း ပြင်ဆင်ပြီးပါပြီ။ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၇ ခု၊ လူဦးရေ ၂ သိန်းကျော်ရှိနေပြီး ငမိုးရိပ်ချောင်း တလျှောက်မှာတော့ ၅၁၊ ၄၉၊ ၄၈၊ ၄၂၊ ၄၁၊ ၃၄၊ ၃၃၊ ၂၇ စတဲ့ ရပ်ကွက်တွေ ရှိနေပါတယ်။
ရုတ်တရက် ရေဝင်ခဲ့တာက ၄၈ ရပ်ကွက်တခုတည်းဖြစ်ပြီး ဒီရပ်ကွက်မှာ အိမ်ထောင်စု ၁၅၀၀ ကျော်၊ လူဦးရေ ၇,၆၀၀ ကျော်ရှိနေတဲ့အနက် အိမ်ခြေ ၂၀ လောက် ရေဝင်ခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်နေသူတယောက်က “၇ လပိုင်းထဲမှာလည်း မိုးတွေတအားရွာတော့ ရေတက်တာမျိုး ရှိဖူးပါတယ်။ အခုဟာ မိုးမရွာဘဲ ရေဝင်လာလို့ လူတွေ လန့်ကုန်ကြတာ။ ငမိုးရိပ်တမံကလည်း ညနေကတည်းက ရေလွှဲလို့ ကြီးတာလိုလို ဖြစ်ကုန်တာ။ ကယ်ဆယ်ရေးအသင်းတွေလည်း ညက ၁၀ သင်းလောက်အထိကို လာကြတယ်။ အခုမနက်တော့ ရေက တန့်သွားပါပြီ” လို့ ပြောပါတယ်။
မြောက်ဒဂုံနဲ့ထိစပ်နေတဲ့ အရှေ့ဒဂုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ဩဂုတ်လဆန်းက မိုးသည်းထန်စွာ ရွာနေခဲ့တာနဲ့ ချောင်းရေတက်ခဲ့လို့ ရပ်ကွက်ပေါင်း ၂၀ ကျော်က လူဦးရေ ၁ သောင်းကျော် ရေဘေးသင့်ခဲ့ဖူးပါတယ်။