ဥရောပအလယ်ပိုင်း ရေကြီးမှုကြောင့် ရိုမေးနီးယားနဲ့ ပိုလန်မှာ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ပိုလန်နိုင်ငံ တောင်ပိုင်းက လူဦးရေ ၄၀၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဥရောပအလယ်ပိုင်းရေကြီးမှုဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ချက်နဲ့ ပိုလန်နယ်စပ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားအချို့ ကျိုးကျတာ၊ ကားတွေ၊ အိမ်တွေ ပျက်စီးခဲ့ကာ လူတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ချက်နိုင်ငံအရှေ့တောင်ပိုင်းမှာ အောရာမြစ်ရေလျှံမှုကြောင့် အနီးအနားက လူနေဒေသတွေ ရေနစ်မြုပ်ခဲ့ရတာ ဖြစ်ပါတယ်။
တနင်္လာနေ့က လီတိုဗယ်မြို့ ၇၀ ရာခိုင်နှုန်း ရေ ၃ ပေကျော် မြင့်တက်ခဲ့ပြီး ရေမြင့်တက်မှုနှုန်း လျင်မြန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရိုမေးနီးယားနိုင်ငံမှာလည်း ရေကြီးမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး ဩစတြီးယား ၁ ဦး၊ ပိုလန်မှာ ၄ ဦး သေဆုံးခဲ့ပြီး ချက်နိုင်ငံမှာလည်း သေဆုံးမှုတွေရှိတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဩစတြီးယားနိုင်ငံမှာ ၁၉၅၀ နောက်ပိုင်း ၄ ရက်အတွင်း မိုးရွာသွန်းမှုအများဆုံးဖြစ်ခဲ့ပြီး ဆောင်းဦးရာသီအတွင်း စံချိန်တင်မိုးရွာသွန်းမှုဖြစ်ခဲ့ပါတယ်။
ဟန်ဂေရီနိုင်ငံမှာတော့ စစ်သား ၁၂၀၀၀ ကို ရေဘေးကယ်ဆယ်ရေးအတွက် ကူညီဖို့ အသင့်ပြင်ထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်က မိုးကြီးမှုလိုမျိုး ဒုတိယအကြိမ်ဆက်ပြီး ရေကြီးနိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဥရောပအလယ်ပိုင်း ရေကြီးမှုတွေကြောင့် ဒေသခံ ၄၄,၀၀၀ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ပိုလန်မြို့တော်ဝန်က တိုက်တွန်းထားပါတယ်။ ရေဘေးသင့်ပြည်သူတွေကို ပိုလန်အစိုးရက ဒေါ်လာသန်း ၂၆၀ အကူအညီပေးမယ်လို့လည်း ဆိုပါတယ်။
ဟန်ဂေရီမှာလည်း မြစ်ရေဟာ ၂၄ နာရီအတွင်း ၁ မီတာ မြင့်တက်နေတာကြောင့် ရထားလိုင်းတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ထားပြီး စောင့်ကြည့်နေပါတယ်။
Source-Reuters