စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ပေးသောလက် ပရဟိတ အဖွဲ့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက စစ်ဘေးရှောင်တွေနဲ့ စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်သွားတဲ့ အထောက်အပံ့မဲ့ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀ ကို ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။
နေအိမ် မီးလောင်ဆုံးရှုံးသွားတဲ့ မီးဘေးသင့်သူတွေထဲက ထောက်ပံ့ပေးတဲ့သူ မရှိတဲ့ အိမ်ထောင်စုတွေနဲ့ လယ်ယာလုပ်ကိုင်စရာ မရှိတဲ့ မိသားစုတွေကို အဓိက ရွေးချယ်ဆောက်လုပ်ပေးတာလို့ ပေးသောလက်အဖွဲ့တာဝန်ခံ ကိုတူးတူးက ပြောပါတယ်။
“သူတို့လည်း ပီတိဖြစ်တယ်။ သူတို့က တအားခက်ခဲနေတဲ့အချိန်မှာ အကူအညီရတာဆိုတော့ တအားဝမ်းသာပြီးမှ တချို့က မျက်ရည်ကျတယ်။ မျက်ရည်ကျတော့ အဲဒီမျက်ရည်တွေ မကြည့်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ပိုပြီးတော့မှ ဝမ်းနည်းတာပေါ့။”
ပေးသောလက်ပရဟိတအဖွဲ့က လူငယ်တွေဟာ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ဒေသခံတွေရဲ့ နေအိမ် တချို့ကို ပြန်လည်ဆောက်လုပ် လှူဒါန်းဖို့ တောတောင်တွေထဲကနေ ဝါး ခုတ်၊ သစ်ထမ်း ပြီး သယ်ယူပေးကြတာပါ။
စစ်တပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် နေစရာနေရာမရှိဘဲ တောတောင်ထဲမှာ မိုးမလုံလေမလုံနဲ့ နေခဲ့ရပြီး ခုလို နေအိမ်ဆောက်လုပ် လှူဒါန်းပေးခဲ့တဲ့အတွက် နေအိမ်မှာ ပြန်လည် နေထိုင်ခွင့်ရခဲ့တယ်လို့ မိသားစုဝင် ၅ ယောက်ရှိတဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။
ပေးသောလက် ပရဟိတအဖွဲ့ကို ၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်းမှာ Quarantine ဝင်နေရတဲ့ ဒေသခံတွေကို ကူညီနိုင်အောင် လူငယ်အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၇ ယောက်တို့ စုပေါင်းပြီး အဖွဲ့ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပေးသောလက် ပရဟိတအဖွဲ့ဟာ ဒေသခံ တချို့ကို နေအိမ်ဆောက်လုပ် လှူဒါန်းပေးတာနဲ့ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ကာ စစ်ဘေးရှောင်တွေကိုလည်း ကူညီ ထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေပါတယ်။
ကလေးမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံနေအိမ် ၁၀,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး စစ်ရှောင် ၃၀,၀၀၀ ကျော်ထိ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေရဲ့ စာရင်းအရ သိရပါတယ်။
ကေခိုင်