Home
မြန်မာသတင်း
ရေဘေးနှင့် စစ်ဘေးကြောင့် သီတင်းကျွတ်ကာလ အကန့်အသတ်ဖြင့်သာ ခရီးသွားနိုင်
DVB
·
October 14, 2024

သီတင်းကျွတ်ကာလ ခရီးသွားရာသီ ရောက်နေပေမဲ့ ပြည်တွင်းမှာ ရေဘေးနဲ့ စစ်ဘေး ရှိတာကြောင့် နေရာတချို့သာ အကန့်အသတ်နဲ့ သွားကြပြီး ပုဂံ၊ ချောင်းသာနဲ့ ငွေဆောင်တို့ကို အသွားများတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ် အပါအဝင် နေရာတော်များများမှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုင်ကလုန်းမုန်တိုင်း ယာဂီ နောက်ဆက်တွဲကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့သလို ရွာလုံးကျွတ် ရေဘေးသင့်တာတွေ ကြုံခဲ့ရပါတယ်။

ခရီးသွားလာမှု နေရာတခုဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း အင်းလေး- ကလောဒေသဘက်မှာလည်း ရေကြီးမှုဒဏ်ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ဒီနှစ် သီတင်းကျွတ်ကာလမှာတော့ ရေဘေးနဲ့ စစ်ဘေးဒဏ်ကြောင့် နေရာ‌တော်တော်များများ ခရီးသွားလာလို့မရဘဲ ပြည်တွင်းခရီးသွားလာမှုက မနှစ်ကထက် ပိုနည်းနိုင်တယ်လို့ ခရီးသွား လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါတယ်။

ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ပြီးခဲ့တဲ့နှစ်ထက်တော့ ကျနော်တို့က နည်းတယ်လို့ပဲ ခန့်မှန်းလို့ရမယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆို ဒီလိုအချိန်ဆို သီတင်းကျွတ်ရာသီဆိုရင် ခရီးသွားကုမ္ပဏီတွေမှာ ဘိုကင်တွေ အများကြီးတက်ပြီး သွားကြတာတွေ တော်တော်များတယ်။ နောက်ပြီး သွားလာနိုင်တဲ့ နေရာတွေလည်း ဒီထက်ပိုများခဲ့တယ်။ အခုတော့ ဒီနှစ်မှာတော့ ကျနော်တို့ ကမ်းခြေဒေသဆိုရင် ချောင်းသာ၊ ငွေဆောင်လောက်ပဲ အကန့်အသတ်နဲ့သာ ရှိတော့တယ်။ ကျန်တဲ့ ငပလီတို့ဘာတို့ဆိုရင် သွားလို့လာလို့ အဆင်မပြေတော့ဘူး။ နောက်တခါ ရှမ်းပြည် အင်းလေးဘက်ဆိုရင် ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်တောင်ပိုင်းကို ခရီးသွားလာမှု တက်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရှမ်းပြည် တောင်ပိုင်းကို သွားရောက်မှု မရှိဘူး။ နည်းသွားတယ်။ ဒါကလည်း အားလုံး သိတဲ့အတိုင်းပဲ ရေဘေးကြောင့် သွားရောက်မှု နည်းသွားတာပေါ့။ ဆိုတော့ နည်းမယ်ဆိုတာလည်း ကျနော်တို့ သေချာတယ်။ ဒါပေမဲ့ ကိန်းဂဏန်းအားဖြင့်တော့ ဖော်ပြဖို့ ခက်ခဲပါသေးတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအများစုက တောင်ကြီး-အင်းလေး-ကလော ခရီးစဉ်တွေ ရပ်နားထားပြီး၊ ပဋိပက္ခဖြစ်ပွားမှု နည်းပါးတဲ့ ဒေသတွေဖြစ်တဲ့ ပုဂံ ဘုရားဖူးခရီးစဉ်နဲ့ ချောင်းသာ၊ ငွေဆောင် အပန်းဖြေ ခရီးစဉ်တွေကိုသာ အဓိက အားထား ရောင်းချနေကြတယ်လို့ ဆိုပါတယ်။

သီတင်းကျွတ်ကာလအတွက် အောက်တိုဘာ ၁၅ ရက်ကစလို့ သီတင်းကျွတ်လပြည့် ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေအထိ ပုဂံ - ညောင်ဦး ကားလက်မှတ် အပြည့်ဖြစ်နေပြီး၊ ဟိုတယ် ဘိုကင်တွေလည်း အားလုံးနီးပါး အပြည့်ဖြစ်နေတယ်လို့ ခရီးသွားကုမ္ပဏီတွေဆီကနေ သိရပါတယ်။

ပြည်တွင်း ခရီးသွားအေးဂျင်စီ တာဝန်ရှိသူတယောက်က “ပုံမှန်ဆိုရင် တောင်ကြီး-အင်းလေးဘက်လည်း ရှိတယ်။ ဒါပေမဲ့ ဒီနှစ် သီတင်းကျွတ်မှာတော့ တောင်ကြီးဘက်ကို ကျမတို့ ခရီးစဉ်တွေ ရပ်နားထားရတယ်။ တချို့နေရာတွေက ပြန်လည်ထူထောင်ရေးတွေနဲ့ ကယ်ဆယ်ရေးတွေ မပြီးသေးတဲ့အတွက် တောင်ကြီး-အင်းလေးဘက်ကို သီတင်းကျွတ်မှာ နားထားတယ်။ အဲ့အတွက်ကြောင့်မို့ အစားထိုးအနေနဲ့ရော၊ ပုံမှန်ရောင်းနေတာရောဖြစ်တဲ့ ပုဂံခရီးစဉ်ကိုပဲ အဓိက အားစိုက်ပြီး သေသေချာချာ ရောင်းဖြစ်တာပေါ့။ ပုဂံကိုတော့ တော်တော်လေး သွားကြပါတယ်ရှင့်။

“အခုဆိုရင် အင်းလေးက ရေက တလ ရှိပြီ ပြောကြတယ်။ စက်တင်ဘာလ ပထမပတ်၊ ဒုတိယပတ်လောက်ကတည်းက ရေကြီးတာ အခုထိ ရေကျသွားတာ မရှိဘူး။ အင်းလေးဘက်လည်း ပြောမယ်ဆိုရင် ဒီနှစ်မှာ အင်းလေး ဖောင်တော်ဦး ဒေသစာရီကြွချီတဲ့ ဘုရားပွဲလည်း မလုပ်ဖြစ်ဘူး၊ ပျက်သွားတယ်။ အင်းလေးမှာကလည်း လည်ဖို့က အရင်ကလို အဆင်မပြေသေးလို့ ကျမတို့က လမ်းကြောင်းအနေအထားအရရော ပြီးတော့ အင်းလေးမှာလည်း လည်လို့ မရတာကြောင့် တောင်ကြီး-အင်းလေး ခရီးစဉ်ကို ရပ်နားလိုက်တာပါရှင့်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဟာ ၂၀၂၄ ခု နှစ်စပိုင်းတုန်းကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ခရီးသွားလာမှု လျော့နည်းခဲ့ပြီး၊ တောင်ကြီး - အင်းလေး ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်အာဏာ မသိမ်းခင်နဲ့ ကိုဗစ်ကာလ မတိုင်ခင်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်း ခရီးသွားလာမှု တနှစ်ကို ၇ သန်း ရှိခဲ့ပြီး၊ မကောက်ခံထားတဲ့ စာရင်းတွေအရ ၁၀ သန်းလောက်အထိ ရှိနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်း ပြောပါတယ်။

၂၀၂၃ ခုမှာတော့ ပြည်တွင်းခရီးသွားလာမှုက ၃ သန်းကျော်လောက် သွားရောက်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းက ခန့်မှန်းပြီး၊ ကောက်ယူမထားတဲ့ စာရင်းတွေအရ ၇ သန်းနီးပါး ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

DVB Data Team က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်မှာ ပြည်တွင်း ခရီးသွားလာမှု ၁၀ သန်း ဝန်းကျင်ရှိခဲ့ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013