ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ဧရာဝတီတိုင်း ချောင်းသာနဲ့ ငွေဆောင်မြို့ ပင်လယ်ကမ်းစပ်နဲ့ တောစပ်တွေမှာ စစ်ကောင်စီက အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်တွေက စတင်ပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ လုပ်ငန်းတွေကို စွန့်ပစ်ကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းသာဒေသခံတယောက်က “ပုသိမ်မြို့ထဲက မိသားစုတွေဆီ ပြောင်းနေရတာ။ လက်နက်ကိုင်အဖွဲ့တွေ လာလို့ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းတာတဲ့။ အိမ်ပြောင်းနေသူတွေ မနည်းဘူး။ အဘိုး၊ အဘွားတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အများဆုံး ပြောင်းထားတာတွေ့ရတယ်။ စစ်ဖြစ်မှာ ကြောက်ကြလို့လေ။ ၆ ရက်နေ့ မနက်ပိုင်းကတည်းက ပြောင်းလာတာ” လို့ ပြောပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်တယောက်က “ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတယ်လို့ သတင်းရတယ်ဆိုပြီး စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါးနဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်နေတာ။ အရပ်သားတွေက စိုးရိမ်တာပေါ့။ ဒါ့ကြောင့် သက်ကြီးပိုင်းတွေ ကလေးတွေကို ဘေးကင်းမယ်လို့ထင်တဲ့ နေရာတွေကို ရွှေ့နေတာ။ ဒီနေရာတွေမှာက စစ်ပွဲဖြစ်ပွားတာ တခါမှရှိတာ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။
စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်ကို ဗိုလ်မှူးတယောက်နဲ့ တပ်ရင်းမှူး တယောက်က ဦးဆောင်ပြီး တောစပ်တွေမှာ နယ်မြေရှင်းလင်းနေတဲ့အပြင် ကမ်းခြေတွေက ဟိုတယ်နဲ့ တည်ခိုးခန်းတွေမှာပါ ညအချိန် လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ချောင်းသာနဲ့ ငွေဆောင်ဒေသမှာ နယ်မြေရှင်းလင်း စစ်ကြောင်းထိုး စစ်ဆေးနေတာကြောင့် တိမ်းရှောင်သူ များလာတဲ့အပြင် ဒေသခံတွေအနေနဲ့ တောအတွင်း ထင်းခုတ်၊ အုန်းပင်တက်၊ ဝါးခုတ်၊ ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေပါ မလုပ်ရဲ ဖြစ်နေတယ်လို့ သိရပါတယ်။
Photo - SS + MY