Home
မြန်မာသတင်း
ဖားကန့် Lucky Men ဟိုတယ်မှ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်ဖယ်ရှား
DVB
·
October 8, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ Lucky Men ဟိုတယ်မှာ တလကျော်ကြာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၈ ရက် မနက်မှာ အပြီးသတ် တိုက်ခိုက်ဖယ်ရှားနိုင်ခဲ့ပြီလို့ KPDF သတင်းရင်းမြစ်ထံက သိရပါတယ်။

စက်တင်ဘာ ၆ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်ကို စီးနင်းကာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက်ကတည်းက တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၈ ရက် မနက်မှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်တာလို့ သိရပါတယ်။

တိုက်ပွဲမှာ ဟိုတယ်ပေါ်က စစ်ကောင်စီတပ်သား အယောက် ၂၀ ကျဆုံးခဲ့သလို ၂၀ ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ KPDF သတင်းရင်းမြစ်က ပြောပါတယ်။

“၂၀ လောက်တော့ ကျမယ်ထင်တယ်ဗျ၊ အတိအကျတော့ လောလောဆယ် မသိရသေးဘူး။ ဖမ်းမိထားတာလည်း ၂၀ လောက်ရှိမယ်၊ တိတိကျကျပြောဖို့က စောနေသေးတယ်။ ခုက ဟိုတယ်ပေါ်က ထွက်ပြေးတဲ့ စစ်(--)တွေကို လိုက်ရှင်းနေရတုန်းမို့ ဘာမှပြောလို့ မရသေးဘူး။”

ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဦးစီးတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Lucky Men ဟိုတယ်မှာ ယာယီတပ်စွဲနေထိုင်ခဲ့တာဟာ တလနဲ့နှစ်ရက် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းဟာ ဆယ်ဇင်းကျေးရွာနဲ့ တာမခံကျေးရွာတွေကို မီးရှို့ခဲ့သူလည်း ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေ ဟိုတယ်မှာ ယာယီတပ်စွဲခဲ့တာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာကာ စက်တင်ဘာ ၁၂ ရက်ကစလို့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဟိုတယ်အနီး ရပ်ကွက် ၂ ခုက လူနေအိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ မိသားစု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင်သူ ၄,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဖားကန့်မြို့ အပါအဝင် ကျေးရွာ ၄ ရွာထက်မနည်း နေအိမ်စွန့်ခွာ စစ်ရှောင်ခဲ့ရတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

KIA ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၅ ရက်က ဖားကန့်မြို့ လမောင်ကျေးရွာ ဗျူဟာစခန်း၊ တောမှော်ကျေးရွာစခန်းတွေကို သိမ်းပိုက်ခဲ့သလို စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ကျေးရွာ ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် ဒီမနက်မှာတော့ Lucky Men ဟိုတယ်ပေါ်မှာ တလကျော်ကြာ ယာယီတပ်စွဲထားတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Lucky Men ဟိုတယ်အပြင် ကျောက်သွေးတောင်ဘုရား၊ ယူမာကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံး၊ အဲဗားကုန်း စတဲ့နေရာတွေမှာလည်း ယာယီစခန်းချထားတာတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013