DVB
ရခိုင်တေးသံရှင် ဆုမြတ်ထက်ကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ သူရဲ့နေအိမ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေ နဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ သိရပါတယ်။
“ရဲစခန်းမှာ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်၊ ဘယ်ကိုခေါ်သွားလဲဆိုတာတော့ ကျနော်လည်းမသိဘူး။ ဘဏ်စာအုပ်တွေလည်း သိမ်းသွားတယ်၊ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးတော့ စိတ်ပူနေကြတယ်။”
မဆုမြတ်ထက်နဲ့အတူ အသက် ၂၃ နှစ်အရွယ် တူမဖြစ်သူကိုလည်း တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ တူမဖြစ်သူကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
ရခိုင်အဆိုတော်တယောက်က “မဆုမြတ်ထက်က အေးအေးဆေးဆေးနေတတ်တဲ့သူပါ။ သီချင်းဆိုတယ်၊ ပရဟိတလုပ်တယ်၊ အထည်ဆိုင်လုပ်ငန်းပဲ လုပ်တယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ကြားကိုမကြားဖူးဘူး၊ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
မဆုမြတ်ထက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ရခိုင်ပြည် မင်းပြားမြို့နယ် ရေကြီးမှုတွေမှာ ချင်းလူမျိုးတွေကို ရေဘေးကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။