ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မကြာသေးခင်ရက်တွေအတွင်း နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် ထပ်မံ ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်မိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အွန်လိုင်းသတင်း BSSNews မှာ အောက်တိုဘာ ၇ ရက်က ဖော်ပြပါတယ်။
စစ်ကောင်စီခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဂျက်စ်ဟင်အူဒင်တို့ ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလို စိုးရိမ်ကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဧရိယာအနီး လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားမှုနဲ့ အရပ်သားတွေနဲ့ မြန်မာတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်လာမှုကို ထိန်းချုပ် ဟန့်တားနိုင်မယ့် အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားဖို့၊ အတင်းအကျပ် ဖိအားပေးခံမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေကို နေရပ် ပြန်နိုင်ရေးအတွက် အဆောတလျင် စီစဉ် ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး မြန်မာနိုင်ငံကို အလေးအနက်ထား တိုက်တွန်း ပြောကြားခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုန်သွယ်ရေး၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု၊ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍတို့ အပါအဝင် အခြားနယ်ပယ်များမှာ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်သွားရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြင့်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Source/ Photo: BSS